Live
Home
မြန်မာသတင်း
ရန်ကုန်အစိုးရက စည်ပင်ကိုယ်စားလှယ်လောင်းများကို အွန်လိုင်းမှ မဲဆွယ်ပေးခွင့်မရှိဟု ကော်မရှင်ပြော
အာကာ
·
March 28, 2019
စည်ပင်ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအတွက် ရန်ကုန်တိုင်းအစိုးရအနေနဲ့ အွန်လိုင်းကနေမဲဆွယ်ပေးတာဟာ ဥပဒေနဲ့ မညီဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အန်အယ်လ်ဒီ စည်ပင်ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ စာနဲ့ ဗီဒီယိုတင်ခဲ့တာနဲ့ ပတ်သတ်ပြီး ပို့စ်တက်ရတဲ့ အကြောင်းရင်းကို ကော်မရှင်ကို တရားဝင်အကြောင်းကြား လာခြင်းမရှိသေးဘူးလို့ လည်းကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။ “ကျနော်တို့ဆီကို ဘာမှအကြောင်းကြားတာ မရှိဘူး။ မှားတင်ပါတယ်၊ ဘာရယ် ဘာမှ မပြောဘူး။ ပြန်ဖြုတ်လိုက်တယ်လို့တော့ ကြားတယ်။ လူကြီးတွေက တမင်တင်တယ်လို့ မထင်ပါဘူး။ အောက်က တယောက်ယောက်က လုပ်လိုက်တယ် ထင်ပါတယ်။ ဒီလိုလည်း တင်လို့မရပါဘူး။ အစိုးရက ရွေးကောက်ပွဲဖြစ်မြောက်ဖို့ပဲ ကူညီရမှာပါ။ တကယ်လို့လုပ်ခဲ့တယ်ဆိုရင် ဒါ ကော်မရှင်နဲ့  မညီပါဘူး။ ခုချိန်ထိကတော့ တိုင်းအစိုးရဘက်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ အကြောင်းကြားတာ မရှိပါဘူး” Yangon Region Government ဖေ့စ်ဘွတ်ခ်မှာ မတ်လ ၂၆ ရက်ညက ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရှိ မဲဆန္ဒရှင် ပြည်သူများ၏ညီညွတ်မှုအင်အားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်စေဖို့ မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက်မဲရုံသို့သွားပြီး အန်အယ်လ်ဒီ စည်ပင်သာယာကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်လို့ ဖော်ပြထားပြီး အန်အယ်လ်ဒီ စည်ပင်သာယာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်နေတဲ့ ဗီဒီယိုတွေကို တင်ခဲ့တာပါ။ ဒါပေမယ့် ဒီပို့စ်နဲ့  ဗီဒီယိုဖိုင်တွေကို မတ်လ ၂၇ ရက် မနက်ပိုင်းမှာ ပြန်ဖြုတ်လိုက်ပါတယ်။ ခုလကုန် မတ်လ ၃၁ ရက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကို အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ၂၀၁၄ခုနှစ် ဒီဇင်ဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ပါတီက ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ခွင့်ကို ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024