ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော် ကစားသမားဘဝမှ အနားယူ

1.2K
အင်္ဂလန်နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်ဟာ အသက် ၃၂ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။
အဘွန်လဟော်ဟာ ပြီးခဲ့တဲ့နှစ်က ဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး တခြား ဘယ်အသင်းမှာမှ ကစားတာလည်း မရှိပါဘူး။
တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့စာချုပ်တွေ မချုပ်ဆိုတော့ဘဲ လူမူကွန်ရက် စာမျက်နှာကနေလည်း ကြေညာခြင်း မပြုခဲ့ပေမယ့် ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ရေဒီယိုတခုနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
အဘွန်လဟော်ဟာ ကစားသမားဘဝကို ဗီလာအသင်းမှာပဲ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၁၃ နှစ်ကြာ ကစားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၁၁ ရာသီနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ ၂ ရာသီ ကစားခဲ့ပြီး စုစုပေါင်း ၄၀၁ ပွဲမှာ ၈၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖူးပြီး ၃ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။