သက်ငယ်မုဒိမ်း ကျူးလွန်သူကို ထောင်တသက်ပြစ်ဒဏ်ချရန် သမ္မတအတည်ပြု

ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး
1.4K
အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေအား မုဒိမ်းမှုကျုးလွန်တဲ့သူတွေကို ထောင်ဒဏ်တသက် ပြစ်ဒဏ်ပေးဖို့ သမ္မတက လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။
မတ်လ ၂၆ ရက်မှာ သမ္မတ ဦးဝင်မြင့်က လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပြီး ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းရဲ့ အပိုဒ် ၃၇၆၊ အပိုဒ်ခွဲ (၃) ပါ သက်ငယ်မုဒိမ်း အသက်သတ်မှတ်ချက်မှာ အသက် ၁၂ နှစ်နဲ့ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂၀ သို့မဟုတ် ထောင်တသက်(ထောင်ထဲမှာ သေသည်ထိ လွတ်ရက်မရှိ) လို့ ပြင်ဆင်သတ်မှတ် အတည်ပြုလိုက်တာပါ။
အဆိုပါ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က မတ်လ ၄ ရက်မှာ အတည်ပြုပြီး အမျိုးသားလွှတ်တော်ကလည်း မတ်လ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်း ဆက်လက် အတည်ပြုခဲ့ပါတယ်။
အဆိုပါ ရာဇသတ်ကြီးပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ၂၀၁၈ ခုသြဂုတ်လက အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။
၂၀၁၆ ခုကနေ ၂၀၁၈ ဧပြီလအထိ သက်ငယ်မုဒိမ်းမှု ၁၉၂၈ မှုဖြစ်ပွားခဲ့ကြောင်းနဲ့ ၂၀၁၆ ခုမှာ ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားပါတယ်။