အကယ်ဒမီပေးပွဲ ရန်ကုန်မြို့တွင် ကျင်းပခွင့်ပြု

ရုပ်ရှင်အစည်းအရုံးက တောင်းဆိုချက်ကို လိုက်လျောတဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မှာ ကျင်းပခွင့်ပြုလိုက်ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ အကယ်ဒမီဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပရင် အနုပညာသမားတွေ သွားလာတည်းခိုရတဲ့ စရိတ် အများအပြား ကုန်ကျခြင်း၊ ရုပ်ရှင် အစည်းအရုံးကိုယ်တိုင်လည်း ကျပ်ငွေ သိန်းရာချီ ကုန်ကျခြင်း၊ သက်ကြီးဝါရင့် အနုပညာသည်တွေ မတက်ရောက်နိုင်ခြင်း စတဲ့အချက်တွေကြောင့် ရန်ကုန်မှာ ကျင်းပခွင့်ပေးဖို့ ၂ ကြိမ်တောင်းဆိုခဲ့တာကြောင့် အခုလို ကျင်းပခွင့်ရတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် အကယ်ဒမီဆုပေးပွဲကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ အရင်စစ်အစိုးရ လက်ထက်တုန်းကတော့ မြို့တော်ကို နေပြည်တော် ပြောင်းရွှေ့ပြီးနောက်ပိုင်း အကယ်ဒမီဆုပေးပွဲတွေကိုလည်း နေပြည်တော်မှာ ကျင်းပခိုင်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up