Live
Home
မြန်မာသတင်း
အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာမကြီး ခင်ဆွေဦးကွယ်လွန်
DVB
·
March 28, 2019
နာမည်ကျော် တို့တိုင်းဌာနီ ၀တ္ထုအပါအ၀င် ၀တ္ထု၊ ဆောင်းပါးပေါင်းများစွာ ရေးသားထုတ် ဝေခဲ့တဲ့ ၀ါရင့်စာရေးဆရာမကြီး ခင်ဆွေဦးဟာ မတ်လ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမျိုးသားစာပေ တသက်တာဆုကို ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ဆရာမကြီး ခင်ဆွေဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။ စာရေးဆရာကြီး မဟာဆွေရဲ့ သမီးဖြစ်တဲ့ ဒေါ်ခင်ဆွေဦးကို စစ်ကိုင်းမြို့မှာ ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့၊ ၁၉၆၇ ခုနှစ်မှာ ပညာရေးတက္ကသိုလ်က ပညာရေးဝိဇ္ဇာဘွဲ့တွေ ရရှိခဲ့တဲ့ ဆရာမကြီးဟာ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်မြို့၊ လသာ အ.ထ.က (၂)မှာ အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါတယ်။ စာပေနယ်ထဲကိုတော့ ၁၉၄၆ ခုနှစ်မှာ သံတော်ဆင့်သတင်းစာ ကလေးစာပေကဏ္ဍမှာ ဆောင်းပါးတွေ စတင်ရေးသားပြီး ၀င်ရောက်လာခဲ့တာဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တို့တိုင်းဌာနီဝတ္ထုရှည်နဲ့ စာပေနယ်မှာ ထင်ရှားလာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ငြိမ်းချမ်းပါစေဝတ္ထုတိုပေါင်းချုပ် စာအုပ်နဲ့ အနုပညာစာပေ ဆိုင်ရာ ဝတ္ထုတိုပေါင်းချုပ် စတုတ္ထဆုကို ရရှိခဲ့ပါတယ်။ ဆရာမကြီး ခင်ဆွေဦးဟာ မိုးဝေ၊ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ သွေးသောက်၊ ရုပ်ရှင်၊ ပေဖူးလွှာ၊ စစ်ပြန်စတဲ့ မဂ္ဂဇင်းပေါင်းများစွာမှာ ဝတ္ထုတိုပေါင်း ၂ဝဝ ကျော်၊ ဆောင်းပါးပေါင်း ၃ဝ ကျော်နဲ့ လုံးချင်း ဝတ္ထုရှည် အပုဒ်ပေါင်း ၅ဝ ကျော် ရေးသားခဲ့ပါတယ်။ စာရေးဆရာမကြီး ခင်ဆွေဦးရဲ့ ရုပ်အလောင်းကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီမှာ ရေဝေးသုဿန်ခန်းမ (၁)မှာ မီးသဂြိုဟ်မှာ ဖြစ်ပါတယ်။   ရေးသားထုတ်ဝေခဲ့သော စာအုပ်များ   မျှော်မျှော်သူမောရရှာတယ်နှင့်မပန်သာသည် (၁၉၆၀) တို့တိုင်းဌာနီ (၁၉၆၁) ခေတ်နှင့်အတူ (၁၉၆၂) ဘဝနှင့်မုန်တိုင်း (၁၉၆၂) ဥမ္မာ (၁၉၆၃) ငြိမ်းချမ်းပါစေ (၁၉၆၃) ကံ့ကော်ဦး (၁၉၆၃) စုံတောမြိုင် (၁၉၆၃) ဖက်ရှင်မယ် (၁၉၆၃) မိုးနှင့်ရေ (၁၉၆၄) မိန်းမနှင့်... (၁၉၆၄) မိုးတိမ်လွှာ (၁၉၆၅) မင်္ဂလာရယ်မှ (၁၉၆၅) မြကေရှင် (၁၉၆၅) ပုလဲငုံ (၁၉၆၆) ပန်းဗေဒါပွင့်ရွှေကြာနှင့်မဂ္ဂဇင်းဝတ္ထုတိုများ (၁၉၆၆) လှမျိုးနွယ် (၁၉၆၆) ရွှေပြည်ကိုသာလွမ်းတော့သည် (၁၉၆၇) တေးသီလို့ဖွဲ့မယ် (၁၉၆၇) နေကြာမျက်နှာနေမျက်နှာ (၁၉၆၇) ဖြူဖြူနီနီဝါဝါ (၁၉၆၈) သခင်ဇင်ပန်းတစ်ခက်နှစ်ခက် (၁၉၆၈) ငွေလကြယ်စင် (၁၉၆၈) တိမ်တောက်ချိန် (၁၉၆၈) အလှအပ(လက်ရွေးစင်မဂ္ဂဇင်းဝတ္ထုတိုများ) (၁၉၆၉) မိုးပန်းဝေဝေ (၁၉၆၉) နေဝန်းဖလ်ဝါ (၁၉၆၉) နှင်းဆီကမွှေး (၁၉၇၀) အလင်းနှင့်အမှောင် (၁၉၇၀) အသက်ကလေးရယ်တဲ့ရှည်စေလို (၁၉၇၀) လူချို (၁၉၇၁) ပျံသာပျံပါငှက်ရွှေဝါ (၁၉၇၁) ဆူးနှစ်ဆူး (၁၉၇၁) နေခြည်ဖြာတော့နွေးလိမ့်မယ် (၁၉၇၂) မလေးသုံးပန်လှ (၁၉၇၂) လှေတစ်စင်းနဲ့ရွက်လွှင့်မယ် (၁၉၇၂) သူကအနီ ကိုယ်ကအစိမ်း (၁၉၇၂) အဝါနှင့်အစိမ်း (၁၉၇၂) မိုးတစ်လှမ်းမြေတစ်လှမ်း (၁၉၇၂) လှမ်းမယ်နော်အောင်မြေနန်းကို (၁၉၇၃) ချစ်ခြင်းကိုဖွဲ့ဆိုမယ် (၁၉၇၃) ဆီမီးတစ်ထောင်ပန်းတစ်ထောင် (၁၉၇၃) တစ်ခိုင်နှစ်ခိုင်နှင်းပန်းခိုင် (၁၉၇၃) ဇင်ဂမုန်းနဲ့ယဉ်ဦးမယ် (၁၉၇၄) နံ့သာတောမှာပြောပါလား (၁၉၇၄) သေနိုင်ပါရိုးလား (၁၉၇၄) စကားတစ်ဖြာလှလိမ့်မယ် (၁၉၇၅) စာပေဆွေးနွေးပွဲ (၁၉၇၅) တိမ်နီလာ (၁၉၇၅) လွင် (၁၉၇၅) ဝါဆိုဦးကပန်ဖူးတယ် (၁၉၇၅) အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ် (၁၉၇၆) နန္ဒမည်သာ (၁၉၇၇) သရဖီဦး (၁၉၇၈) ဝတ္ထုတိုစာတမ်းများ (မောင်ထင်၊ အခြားသူများနှင့်တွဲဖက်လျက်) (၁၉၇၉) မပုံ့အကြောင်း (၁၉၇၉) ပတ္တမြားမြလုံးနီလာကုံး (၁၉၈၀) တစ်ရောင်တည်းခြယ် (၁၉၈၁) ပေါက်ပေါက်နဲ့အပေါင်းအဖော်များ (၁၉၈၂) နဒီသောင်ကမ်းဘေးမှ နွေးသည် (၁၉၈၄) ပန်းတွေတိတ်ဆိတ် အိပ်နေတယ် (၁၉၈၅) ကမ္ဘာမြေရဲ့တေး (၁၉၈၈) နေပွင့်လပွင့်ကြယ်ပွင့်များ (၁၉၈၉) အိုဆာကာမီဂျီဂန်ဘွန်းမှသည်ပုဂံသို့ (၁၉၉၃) တိမ်လွှာပေါ်မှခြေရာများ (၁၉၉၅) အင်ကြင်းရဂုံ (၁၉၉၆) အောင်ရဲအောင် (၁၉၉၆) ထာဝရလရိပ်ချို (၁၉၉၉) မိုးရေချိုချို (၂၀၀၂) တက္ကသိုလ်စာမျက်နှာများ (၂၀၀၂) ကုသိုလ်ဖြစ်မြစ်တစ်စင်း (၂၀၀၃) စစ်ကိုင်းသမီးဒိုင်ယာရီ (၂၀၀၃)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024