အာကာသထဲသို့ အမျိုးသမီးများ လမ်းလျှောက်ထွက်မည့် အစီအစဉ် ဖျက်သိမ်း

ကမ္ဘာ့ပထမဆုံးအနေနဲ့ အာကာသထဲကို အမျိုးသမီးတွေချည်း လမ်းလျှောက်ထွက်မယ့် အစီအစဉ်ကို အာကာသဝတ်စုံ အလုံအလောက် မရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန် အာကာသအဖွဲ့ နာဆာက မတ်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အမျိုးသမီး အာကာသယာဉ်မှူးတွေ ဖြစ်ကြတဲ့ အန်း မတ်ကလိန်းနဲ့ ခရစ္စတီးနား ခို့ခ်တို့ဟာ မတ်လ ၂၉ ရက်နေ့မှာ အာကာသထဲ လမ်းလျှောက်ထွက်ပြီး သမိုင်းစာမျက်နှာသစ် ရေးထိုးဖို့ စီစဉ်ထားကြတာပါ။
မတ်ကလိန်းဟာ ကြိုတင်လေ့ကျင့်စဉ်က M ဆိုက်နဲ့ L ဆိုက် အာကာသဝတ်စုံတွေကို ဝတ်ဆင် လေ့ကျင်ခဲ့ပေမယ့် ၂၉ ရက်နေ့ လမ်းလျှောက်ထွက်ရင် M ဆိုက်ဝတ်ဖို့ ပိုသင့်တော်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ နာဆာပြောခွင့်ရ စတက်ဖန်နီ ရှီးယ်ဟိုလ်ဇ်က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ အရွယ်အစားတော်တဲ့ အာကာသဝတ်စုံဟာ တစုံပဲရှိတာကြောင့် အန်းမတ်ကလိန်းရဲ့ နေရာမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် အမျိုးသား အာကာသယာဉ်မှူးတဦးကို အစားထိုးလိုက်ရတယ်လို့ နာဆာက ပြောပါတယ်။
အာကာသထဲကို လူသားတွေ ပထမဆုံး ခြေချခဲ့တာ နှစ်ပေါင်း ၆၀ နီးပါး ရှိလာချိန်မှာ အာကာသကို ခရီးထွက်ခဲ့ကြတဲ့ လူပေါင်း ၅၀၀ ကျော်ထဲမှာ အမျိုးသမီး အရေအတွက် ၁၁ ရာခိုင်နှုန်းအောက် နည်းပါတယ်။
အဲဒါကြောင့် အမျိုးသမီးတွေချည်း အာကာသထဲကို ပထမဆုံး လမ်းလျှောက်ထွက်မယ့် သမိုင်းဝင်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရလို့ ဝမ်းနည်းရပေမယ့် အမျိုးသမီး အာကာသယာဉ်မှူးတွေ ဘေးကင်းလုံခြုံရေးက အဓိကကျတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။