စစ်ဘေးရှောင်များ အေးချမ်းစွာနေရပ်ပြန်နိုင်ရန် သီပေါမြို့တွင် တကိုယ်တော်ဆန္ဒပြ
ခွန်ဇော်ဦး
·
March 27, 2019
စစ်ပွဲတွေကြောင့် မကြာခဏ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကလေးသူငယ်တွေ နို့တိုက်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် မိမိတို့ရပ်ရွာမှာ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ဒီကနေ့ အမျိုးသားတဦးက တကိုယ်တော် ဆန္ဒပြခဲ့တယ်။
တကိုယ်တော် ဆန္ဒပြတဲ့ ဦးညီလတ်က“ကလေးတွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ခဏခဏပြေးနေရတာကို ကျနော် မဖြစ်စေချင်ဘူး။ အဲ့ဒါကို ညီအစ်ကိုအဖွဲ့အစည်းတွေ အားလုံးကထိန်းပေးဖို့ နံပါတ်တစ်လိုရင်းပဲ။ ခဏခဏ ကလေးတွေပြေးနေရတယ်။ အမျိုးသမီးလည်း ဒုက္ခရောက်တယ် ရှမ်းပြည်နယ်လည်း သိက္ခာကျတယ်။ ပြေးလိုက် ပြန်လိုက်ဆိုတော့ သွေးသားတွေ ဖြစ်သလိုခံစားရတယ် အဲ့ဒါကို မဖြစ်စေဖို့ ရပ်တန့်ပေးဖို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
ဒီဆန္ဒဖော်ထုတ်မှုဟာ တရားဝင်စာတင်ပြီး ပြုလုပ်တာပါ။ ဒါအပြင် အစိုးရအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေကို အပြည့်အ၀ စောင့်ရှောက် ကူညီပေးစေချင်တယ်လို့ ဆိုပါတယ်။
“သမ္မတကြီးလည်း ကျနော်တို့ကို ပစ်ထားတယ်လို့ ခံစားရလို့ ကျနော်တို့ကို ကြည့်ပေးပါ။ ကျနော်တို့ မဲပေးထားတဲ့ ရိုးသားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကလည်း ကျနော်တို့ကို ထိထိရောက်ရောက်ကြည့်ပေးပါ။ ပြောပေးပါ”လို့ ဆန္ဒပြသူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူလူထုတွေဟာ မတ်လ ၂၆ ရက်ညနေက အထိ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။
ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း သိန်းနဲ့ချီရှိနေပြီး ဆက်လက်လည်း တိုးပွားလာနေပါတယ်။