အိန္ဒိယ ချန်နိုင်းလေဆိပ်တွင် ရှားပါးတောရိုင်းတိရစ္ဆာန် မှောင်ခိုသယ်လာသူအား ဖမ်းဆီး

ဓာတ်ပုံ - ANI
1.2K
အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းလေဆိပ် အကောက်ခွန်ဌာနက တောရိုင်းတိရစ္ဆာန်တွေကို မှောင်ခိုသယ်လာတဲ့ ခရီးသည်တဦးကို မတ်လ ၂၅ ရက်ေန့က ဖမ်းဆီးခဲ့ပါတယ်။
သူ့ဆီကနေ ဦးချိုပါတဲ့ မြွေပွေးတကောင်အပြင် ရှားပါးလိပ်တွေ၊ ဖွတ်တွေနဲ့ တခြားတိရစ္ဆာန်တွေကိုပါ သိမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံကနေ ရောက်လာတဲ့ အဲဒီခရီးသည်ကို လေဆိပ်အာဏာပိုင်တွေက သတိထားမိပြီး ရှာဖွေလိုက်တဲ့အခါ ရှားပါး ကုန်းနေရေနေ သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေကို တွေ့ခဲ့တယ်လို့ အကောက်ခွန်အရာရှိ ရာဂျန် ချောင်ဒယ်ရီက ပြောပါတယ်။
ဦးချိုပါတဲ့ မြွေပွေးတကောင်၊ ဖွတ်ငါးကောင်၊ လျှာပြာကင်းလိပ်လျှော လေးကောင်၊ အစိမ်းရောင် သစ်ပင်ဖားမျိုး သုံးကောင်နဲ့ အီဂျစ်လိပ် ၂၂ ကောင်ကို သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ တွေ့ခဲ့ရတာပါ။
အီဂျစ်လိပ် အမျိုးအစားဟာ မျိုးတုန်းပျောက်ကွယ်လု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ် သဘာဝ ထိန်းသိမ်းကာကွယ်ရေး နိုင်ငံတကာသမဂ္ဂ (IUCN) က သတ်မှတ်ထားပါတယ်။
ဦးချိုပါတဲ့ မြွေပွေးဟာ အဆိပ်ပြင်းတဲ့ အာဖရိကမြွေမျိုးဖြစ်ပြီး အီဂျစ်လိပ်တွေက အီဂျစ်နိုင်ငံနဲ့ လစ်ဗျားနိုင်ငံ ဇာတိပါ။
လက်ရှိမှာ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပေမယ့် သိမ်းဆည်းရမိတဲ့ အဲဒီ တောရိုင်းတိရစ္ဆာန်တွေကို မူလသယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံဆီကို ပြန်ပို့သွားမှာပါ။
ထိုင်းနိုင်ငံဟာ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောထွက် ထုတ်ကုန်တွေ မှောင်ခိုရောင်းဝယ်တဲ့ အဓိက အချက်အချာဒေသတခုအဖြစ် ကာလရှည်ကြာ ရှိနေခဲ့ပါတယ်။