A d v e r t i s e m e n t With Us

နိုင်ငံတော်သမ္မတကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ပြန်ရွေးချယ်

၎ ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် ပါတီညီလာခံကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခဲ့ပါတယ်။ တိုင်းနဲ့ ပြည်နယ်ဒေသ ၁၉ ခုအတွက် ဗဟိုကော်မတီဝင် ၂၁၅ ဦးနဲ့ အရန်ဗဟိုကော်မတီဝင် ၇၀ ကို ပြန်လည်ရွေးချယ်ပြီး အဲဒီကမှ ဗဟိုအလုပ်မှုဆောင် ၄၄ ဦးကို ပြန်လည်ရွေးချယ်ခဲ့တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သူရဦးအေးမြင့်၊ ဦးဌေးဦးတို့ကို ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးက ဦးမောင်မောင်သိန်းဖြစ် လာပြီး အသစ်ရွေးချယ်လိုက်တဲ့ ဗဟိုကော်မတီတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်အရေအတွက် ပိုတိုးလာတယ်လို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်းက ပြောပါတယ်။ ၄ ရက်တာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီညီလာခံ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ သမ္မတ ဦးသိန်းစိန်ကို ဥက္ကဋ္ဌအဖြစ် ပြန်ရွေးချယ်လိုက်တယ်။ တခြားလူကိုမရွေးဘဲ သမ္မတကို ဘာကြောင့် ပြန်ရွေးချယ်တာလဲ။ “ကျနော်တို့ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ သမ္မတက တခြားတာဝန် ထမ်းဆောင်ရရင် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့သူကို ဥက္ကဋ္ဌတာဝန် ပူးတွဲထမ်းဆောင်စေဖို့ဆိုပြီး ရေးထားပါတယ်။ အဲဒီစည်းမျဉ်းအတိုင်း ၀ါရင့်ဒုတိယဥက္ကဋ္ဌကို ပူးတွဲထမ်းဆောင်စေမှာဖြစ်ပါတယ်။” ကျင်းပခဲ့တဲ့ ၄ ရက်တာညီလာခံအတွင်းမှာ ပါတီအတွင်းမှာ ကြီးကြီးမားမား အပြောင်းအလဲတွေ၊ အသစ်ဖွဲ့တဲ့ ဌာနတွေ ရှိလား။ “ကြီးကြီးမားမားတော့ ပြောင်းလဲတာ မရှိပါဘူး။ ဒါပေမယ့် ညီလာခံကတော့ ပြည်သူ့ပါတီအဖြစ်နဲ့ ကူးပြောင်းဖို့ အသွင်သဏ္ဌာန်ရော၊ အနှစ်သာရရော ပြောင်းလဲဖော်ဆောင်ဖို့ စီမံထားပါတယ်။ ပြည်သူ့ပါတီအဖြစ် ကူးပြောင်းဖို့၊ ပါတီအတွင်းမှာ ဒီမိုကရေစီကျင့်သုံးနိုင်ဖို့၊ အားလုံး ဆက်လက်ပြီး ပါတီတွင်း စည်းလုံးညီညွတ်ပြီး ပြည်သူအတွင်း တိုးချဲ့ပြီး နက်ရှိုင်းစွာစည်းရုံးပြီး လုပ်ငန်းလမ်းစဉ်တွေ ချမှတ်နိုင်ဖို့ ဆောင်ရွက်တာပါ။” ၄ ရက်တာ ပါတီညီလာခံကနေ မူဝါဒနဲ့ ပတ်သက်ပြီး ဘာတွေချမှတ်တာ ရှိခဲ့လဲ။ “ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတွက် ချမှတ်တာ ရှိပါတယ်။ နောက်ပိုင်းမှာ ကြေညာချက်တွေ ထုတ်ပြန်ပေးပါမယ်။ မနက်ဖြန်ဆို ထွက်လာမှာပါ။” ပါတီတွင်းမှာ ဌာနတွေ တိုးချဲ့တာရောရှိလား။ “လောလောဆယ်တော့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအတိုင်းပဲ သွားပါမယ်။” ကျနော်တို့ တွေ့ရတဲ့ စည်းမျဉ်းတွေအရ ပထမ ဗဟိုကော်မတီဝင် ၂၂၅ ဦးမှာ ၂၁၅ ဦးဆိုတော့ ၁၀ ဦးလျော့တယ်။ အရန်ကော်မတီမှာလည်း ၄ ဦးလောက် လျော့တယ်ဆိုတော့ ဘာကြောင့်ပါလဲ။ “ဒါတွေကလည်း နောက်ပိုင်းမှာ အကြောင်းတစုံတရာနဲ့ အမျိုးမျိုးပေါ့လေ။ ဒါတွေက လောလောဆယ်မှာ လက်ထဲမှာ အရန်ထားတာပါပဲ။” နောက်တခုက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီလို့ပြောတဲ့အတွက် အဲအတွက် ဘာတွေပြင်ဆင်ထားတာရှိလဲ။ “ညီလာခံလုပ်တာကလည်း ၂၀၁၅ အတွက် ရည်ရွယ်ပြီး ပြင်ဆင်တာပါ။ သို့သော် ပါတီရေးရာတခုတည်း မဟုတ်ပါဘူး။ နိုင်ငံနဲ့ နိုင်ငံသားတွေအကျိုးအတွက် ကျနော်တို့ ဘယ်လိုပါဝင် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့ အတိုင်းအတာလေးတွေ ဖြစ်လာ နိုင်အောင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီး ဆုံးဖြတ်ချက် ချမှတ်ပြီးသွားမှာဖြစ်ပါတယ်။” အခု အသစ်ဖွဲ့လိုက်တဲ့ ဗဟိုကော်မတီဝင်ထဲမှာရော တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ ပါဝင်နှုန်းက ဘယ်လောက်လောက် ရှိလဲ။ “အခုလောလောဆယ်တော့ အရေအတွက်တွေ ပြောဖို့က အတိအကျပြောဖို့ နည်းနည်းခက်ပါတယ်။ တိုင်းရင်းသားတွေအစုံပါတယ်။ အမျိုးသမီးတွေလည်း အတော်လေးပါပါတယ်။ ပြည်သူ့ လွှတ်တော်ထဲက အမျိုးသမီးတွေတော့ အကုန်ပါတယ်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်ပါတယ်။” ဒီနေ့ရွေးချယ်လိုက်တဲ့ဗဟိုအလုပ်အမှုဆောင် ၄၄ ဦးအနေနဲ့ ပါတီရဲ့ရှေ့သွားမယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးရော အန်ကယ့်အနေနဲ့ ဘာပြောချင်ပါလဲ။ “အခုအနေနဲ့တော့ ဘာမှပြောစရာမရှိသေးပါဘူး။ ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ လက်အောက်မှာ ကျနော်တို့တွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပါတီရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ၄ ဦး ၄ ဖလှယ် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးအတွက်ဆောင်ရွက်သွားဖို့ ဖြစ်တယ်။” တခြားသော နိုင်ငံရေးပါတီတွေအပေါ်ရော ပါတီကြီးအနေနဲ့ ဘယ်လိုသဘောထားမျိုး ရှိလဲ။ အဲအတွက် မူဝါဒချထားတာမျိုး ရှိပြီလား။ “အဲအတွက် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းထဲမှာပါပါတယ်။ အားလုံးကို နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်လို့ သဘောထားပါတယ်။”

A d v e r t i s e m e n t With Us

More News
Up