A d v e r t i s e m e n t With Us

စွန့်​လွှတ်​မြေပေါ်တွင် တပ်​ခြံစည်းရိုးခတ်မှု ရွှေသောင်ယံ​ဒေသခံများ ကန့်​ကွက်

ဧရာဝတီတိုင်း​၊ ​ရွှေ​သောင်​ယံမြို့၊ ခရင်​​ချောင်းရွာက ပြန်​လည်​စွန့်​လွှတ်​ထားတဲ့ အုန်းဥယျာဉ်ခြံမြေ​​တွေ​ပေါ်မှာ  မတ်​လ ၂၂ ရက်​​က အနောက်တောင်တိုင်းစစ်ဌာနချုပ်​ အမှတ်​ ၅ တိုင်းဗဟို​လေ့ကျင့်ရေးတပ်​က​နေ ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံ​တွေက ကန့်​ကွက်​ပါတယ်​။ ခရင်​​ချောင်းရွာက ဦးသိန်းမောင် အပါအဝင်​တောင်​သူ ၁၆ ဦးရဲ့ အုန်းခြံဥယျာဉ်မြေ​တွေကို ၁၉၉၆ ခုနစ်ကအမှတ်​ ၅ တိုင်းဗဟို​လေ့ကျင့်​​ရေးတပ်​က​နေ အုန်းပင်​ဖိုး​လျော်​​ကြေး​ပေးပြီး သိမ်းယူခဲ့ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရိပ်သာအဖြစ် တည်ဆောက်ခဲ့တာပါ။ ဒီအထဲက ပို​နေတဲ့ ​မြေဧက ၃၇.၄၄ ဧကကို ပြန်​လည်​စွန့်​လွှတ်​​တယ်​လို့ ​​ ​​တောင်​သူ​တွေဆီ စာထုတ်​​ပေးခဲ့​​ပေမယ့် ပြန်​မရပဲ ခြံစည်းရိုးခတ်ထပ်ခတ်တာလို့ ​​မြေသိမ်းခံ​တောင်​သူ​တွေက ​ပြောပါတယ်​။ ​မြေသိမ်းခံ​တောင်​သူ ​ဒေါ်ခင်​သန်း​အေးက "ဒီ​မြေ​တွေက ကျမတို့မိဘ​တွေ အိုစာမင်းစာအဖြစ်​ ချန်​ထားခဲ့တဲ့​မြေ​တွေပါ။ ဒါ​ပေမယ့် မိဘ​တွေကသာ ရနိုးရနိုးနဲ့ ​မျှော်​ရင်း ဆုံးသွားတယ်​။ အခုထိမရပါဘူး။ အိုစာစားမသွားရပဲ မင်းစာ ဖြစ်​ခဲ့ရတဲ့​မြေ​တွေပါ။ အခုလည်း​စွန့်​လွှတ်​တယ်ဆိုပြီး ခြံစည်းရိုး​တွေထပ်​ခတ်​လာတာကို ကန့်​ကွက်​ပါတယ်​"လို့ ​ပြောပါတယ်​။ တပ်​မ​တော်​က ပြန်​လည်​စွန့်​လွှတ်​တဲ့ မြေပေါ်မှာ ​ခြံစည်းရိုးခတ်​ပြီး အ​ဆောက်​အဦတွေ ​ဆောက်​ဖို့လုပ်​လာတာတယ်လို့လည်း ဒေသခံ​တောင်​သူ​တွေက ​ပြောပါတယ်​။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ်​ ၁ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မျိုးမင်း "သူတို့ကိုယ်​စား အုပ်​ချုပ်​​ရေးမှူးတယောက်​အ​နေနဲ့ စိတ်​မ​ကောင်းပါဘူး။ နိုင်​ငံ​တော်​ အတိုင်​ပင်​ခံ နိုင်​ငံ​တော်​ သမ္မတကြီးနဲ့တကွ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​နဲ့တကွ တပ်​မ​တော်​ အရာရှိ အရာခံတပ်​သားများအားလုံး ကျနော်​တို့ဆီက တပ်​သိမ်း​မြေ​လေးကို ပြန်​မ​ပေးရင်​လည်း ​လျော်​​ကြေး နစ်​နာ​ကြေးကို ထိုက်​သင့်​သ​လောက်​​ပေးပါလို့ ​မေတ္တာရပ်​ခံချင်​ပါတယ်​"လို့ ပြောပါတယ်​။ တပ်​မ​တော်​က စွန့်​လွှတ်​တယ်​ဆိုတဲ့ ​အုန်းဥယျာဉ်​ခြံ​တွေ ပြန်​လည်​မရရှိတဲ့အ​ပေါ် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများစိစစ်ရေးကော်မတီက ၂၀၁၇ ခုနှစ်မေလက စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာအထက်အဆင့်ဆင့်ကို ဆက်​လက်​တင်ပြထားပေ​မယ့်​လည်း ထူးခြားမှုမရှိဘူးလို့ ​​ဒေသခံ​တွေက ပြောပါတယ်။ မြမင်းဦး(ပုသိမ်​)

A d v e r t i s e m e n t With Us

More News
Up