Home
ဆောင်းပါး
နိုးထလာတဲ့ နဂါးကြီးနဲ့ မြန်မာနိုင်ငံ (၂)
DVB
·
March 27, 2019
‘သူတို့လွှတ်ချင်ရင် ဆင်တောင် ဝင်လို့ရတယ်။ သူတို့ပိတ်ချင်ရင် ခြင်တောင် ဝင်လို့မရဘူး’ ဒီစကားဟာ တရုတ်-မြန်မာနယ်စပ်က မြန်မာကုန်သည်တွေ ပြောလေ့ပြောထရှိတဲ့ စကားပါ။ အထူးသဖြင့် တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေတဲ့အချိန်မှာ ဒီအသံဟာ ပိုမိုကျယ်လောင်လာတတ်ပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ နေရာကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။ အဲဒီကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့နဲ့ ၇ မိုင်၊ မန္တလေးနဲ့ ၂၀၈ မိုင်၊ ကြူကုတ်နဲ့ ၁၂ မိုင်၊ ကျိန်စန်ကျော့နဲ့ ၈ မိုင်အကွာမှာ ရှိပါတယ်။ ကုန်သွယ်ရေး၊ အကောက်ခွန်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်တွင်းအခွန် စတဲ့ ဌာနတွေက ဝန်ထမ်းအင်အား ၂၄၂ ယောက်နဲ့ လည်ပတ်နေတာပါ။ ဧက ၃၇၀ ကျော် ကျယ်ဝန်းပါတယ်။ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုကုန်၊ တိရစ္ဆာန်ထွက်ကုန် စတဲ့ ပို့ကုန်တွေကို တရုတ်ဘက်ကို တင်ပို့နေတဲ့နေရာဖြစ်သလို ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းတွေနဲ့  လူသုံးကုန်တွေကို တရုတ်ဘက်က တင်သွင်းတဲ့နေရာလည်း ဖြစ်ပါတယ်။ ပို့ကုန်၊ သွင်းကုန် ပမာဏ ဒေါ်လာသန်းပေါင်း ၄၈၉၈.၄၈ သန်းရှိပြီး နယ်စစ်ကုန်သွယ်ရေးဂိတ် ၁၇ ခုရှိတဲ့အထဲမှာ ကုန်သွယ်မှုပမာဏ အများဆုံးကုန်သွယ်နေတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင်လမ်းကြောင်းက ထွက်ကုန်ဝင်ကုန်တွေလည်း အမြောက်အမြား ရှိပါသေးတယ်။ အဲဒါတွေတော့ စာရင်းထဲ မပါဘူးပေါ့။ သစ်နဲ့ ကျောက်စိမ်းကို တရုတ်ဘက်က တရားဝင်ပစ္စည်းအဖြစ် သတ်မှတ်ထားပေမယ့် မြန်မာဘက်က တရားမဝင်ပစ္စည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဆန်၊ ပြောင်း၊ သကြားနဲ့ လောင်စာဆီတွေကိုတော့ မြန်မာဘက်က တရားဝင်ကုန်အဖြစ် သတ်မှတ်ထားပေမယ့် တရုတ်ဘက်က တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီလို နှစ်နိုင်ငံ ကုန်သွယ်ရေးမူဝါဒတွေ မတူညီတာကြောင့် နှစ်ဖက်ကုန်သွယ်ရေးမှာ မကြာခဏ ပွတ်တိုက်မှုတွေ ရှိလာပါတယ်။ အဲဒီနောက်မှာတော့ တရားမဝင်လမ်းကြောင်းတွေ တဟုန်ထိုး ဖွံ့ဖြိုးလာပါတော့တယ်။ မြန်မာဘက်က အခွန်ထမ်းကြီး၊ အခွန်ထမ်းလေးဆိုတဲ့ မမျှတတဲ့ မူဝါဒတွေကြောင့် ကုန်သည်တွေဟာ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ပေါင်းပြီး တရားမဝင်လမ်းကြောင်းတွေကို ပိုမိုအားထားလာတာကလည်း တရာမဝင်လမ်းကြောင်း ဖွံ့ဖြိုးဖို့ ပိုမိုအားပေးနေသလို ဖြစ်နေပါတယ်။ အဲဒီတော့ တရားမဝင် လမ်းကြောင်းတွေကို လုံခြုံရေးပေးတဲ့ လက်နက်ကိုင်အုပ်စု အသီးသီးဟာလည်း အားကောင်းသည်ထက် အားကောင်းလာပါတော့တယ်။ ၁၀၅ က ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ပြောပြတဲ့အထဲမှာ စိတ်ဝင်စားစရာတခုက ကြူကုတ်(ပန်ဆိုင်း) က မုံးကိုးဘက်ကို အထွက် ၂ မိုင်လောက်အကွာ ဝမ်တိန်ချောင်းဘေး လမ်းမကြီးပေါ်မှာ တရုတ်နိုင်ငံဘက်ကို ဆန်/ပြောင်း အိတ်တွေ သယ်နေတဲ့အကြောင်းပါ။ ဒါ့အပြင် တရားမဝင် ကုန်သွယ်နေတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကျွဲ နွားတွေ၊ အဝတ်အထည်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ သစ်သီးတွေ၊ သစ်၊ လူသုံးကုန်ပစ္စည်း၊ ပိုးသတ်ဆေး အပါအဝင် လယ်ယာသုံးပစ္စည်းတွေကိုလည်း ဓာတ်ပုံတွေနဲ့ ရှင်းပြပါသေးတယ်။ တရုတ်ဘက်က ဆန်ကို ယူနန်ပြည်အတွက် ကိုတာစနစ်သာ ဝယ်တာပါ။ အထူးသဖြင့် မြန်မာပြည်ဘက်က ဘိန်းအစားထိုးစိုက်တဲ့ လယ်သမားတွေ ရပ်တည်ရေးအတွက် အကန့်အသတ်နဲ့ ဝယ်တာပါ။ အကန့်အသတ်ပြည့်သွားရင် မဝယ်တော့ပါဘူး။ ဒါပေမယ့် တရားမဝင် လမ်းကြောင်းတွေကနေ တဆင့်တော့ အရောင်းအဝယ် ဖြစ်နေပါတယ်။ အလားတူပါပဲ ကျွဲ နွား၊ သကြားတွေကိုလည်း အလားတူ တရားမဝင်လမ်းကြောင်းကပဲ အရောင်းအဝယ် လုပ်ပါတယ်။ ဒါပေမယ့် လောင်စာဆီကို မြန်မာဘက်က တရားမဝင်လမ်းကြောင်းကတဆင့် အကြီးအကျယ် တင်ပို့လိုက်တဲ့ အခါမှာတော့ တရုတ်ဘက်က တရားမဝင်လမ်းကြောင်းက လာတဲ့ ကုန်တွေအားလုံးကို ပိတ်လိုက်ပါတော့တယ်။ အဲဒီအခါ ဆန်၊ ပြောင်း၊ သကြား၊ ကျွဲ နွားတွေဟာ မြန်မာဘက်ကမ်းမှာ သောင်တင်နေပြီး မြန်မာကုန်သည်တွေ အထိနာသွားပါတယ်။ နယ်စပ်ကုန်သွယ်ရေးရဲ့ အားနည်းချက်တွေကို အလွန်အကျွံ အခွင့်ကောင်းယူမိတဲ့ ကုန်သည်တွေ အတွက် သင်ခန်းစာကြီးကြီး ရလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရလက်ထဲ အာဏာ ဆုပ်ဆုပ်ကိုင်ကိုင် မရှိသေးတာကြောင့် အုပ်ချုပ်ရေးမှာ အားနည်းနေပါသေးတယ်။ အဲဒီအချိန်မှာ တဖက် တရုတ်နိုင်ငံကတော့ မြန်မာနယ်စပ်နားမှာ မော်တော်ကားစက်ရုံ၊ မော်တော်ဆိုင်ကယ်နဲ့ လယ်ယာပစ္စည်း စက်ရုံတွေ တည်ထားပြီးပါပြီ။ အမဲစည်သွတ်စက်ရုံတရုံကိုလည်း လာမယ့် ဇွန်လလောက်မှာ အပြီးတည်ဆောက်နေပါပြီ။ ကုန်ကြမ်းအဖြစ် မြန်မာဘက်က နွားကောင်ရေ တနှစ် ငါးသိန်းနဲ့ ဒီစက်ရုံကို လည်ပတ်မှာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ တိုးတက်လာတဲ့ စီးပွားရေးနဲ့ ခိုင်မာတဲ့ အုပ်ချုပ်ရေးရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပါတယ်။ မြန်မာဘက်မှာတော့ စစ်နွံထဲက ရုန်းထွက်နေရဆဲပါ။ မြန်မာဘက်က သတ္တု၊ လယ်ယာ၊ သစ်တောထွက် ကုန်ကြမ်းတွေနဲ့ စွမ်းအင်လောင်စာတွေ ရောင်းချနေရပြီး တရုတ်ကတော့ စက်မှုထွက်ကုန်တွေကို ကမ္ဘာကိုတင်ပို့တဲ့ နိုင်ငံကြီး ဖြစ်နေပါပြီ။ တနည်းအားဖြင့် မြန်မာက ကုန်ကြမ်းရောင်းတဲ့နိုင်ငံဖြစ်ပြီး တရုတ်က စက်မှုနိုင်ငံ ဖြစ်လာနေပါတယ်။ စက်မှုနိုင်ငံတွေဟာ ကုန်ကြမ်းရောင်းချရတဲ့ နိုင်ငံတွေထက် ပိုမိုချမ်းသာ ကြွယ်ဝနေကြတယ်ဆိုတာ ဒီနေ့ကမ္ဘာမှာ မျက်မြင်ပါပဲ။ ဒါပေမယ့် နှစ်ဆယ်ရာစု စောစောပိုင်းတုန်းကလို စက်မှုနိုင်ငံတွေက ကုန်ကြမ်းထုတ်တဲ့ နိုင်ငံတွေကို တဖက်သတ် အနိုင်ကျင့်ဖို့ မလွယ်တော့ပါဘူး။ ကုန်ကြမ်းရောင်းချတဲ့ နိုင်ငံတွေဟာ ခေတ်မီဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွံ့ဖြိုးလာတာကြောင့် အသိဉာဏ် ပိုမိုပွင့်လင်းလာကြပြီး သူတို့ကုန်ကြမ်းတွေကို တန်ရာတန်ကြေးရဖို့ ကြိုးစားလာကြပါတယ်။ ကုန်ကြမ်းတွေကိုလည်း အရည်အသွေးမြှင့်တင်ကြ၊ တဝက်တပျက် ကုန်ကြမ်းတွေအဖြစ် ပြောင်းလဲကြ၊ နည်းပညာအသစ်တွေ သုံးပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်လာကြပါတယ်။ အဲဒါကြောင့် စက်မှုနိုင်ငံနဲ့ ကုန်ကြမ်းရောင်းတဲ့ နိုင်ငံတွေရဲ့ ကွာဟချက်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အပြန်အလှန် အမှီသဟဲပြုတဲ့ မိတ်ဘက်နိုင်ငံတွေအဖြစ် ရပ်တည်လာပါတယ်။ အဲဒီလို ရပ်တည်မှပဲ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားဟာ ရေရှည်တည်တန့်မယ်ဆိုတဲ့ အရှိတရားကိုလည်း အသိအမှတ် ပြုလာနေရပါပြီ။ ၂၁ ရာစုမှာ ဒစ်ဂျစ်တယ်နည်းပညာတွေ ထွန်းကားလာတာနဲ့အတူ ကမ္ဘာ့ အတွေးအမြင်တွေလည်း ပြောင်းလဲလာကြပါပြီ။ အဲဒီ အပြောင်းအလဲတွေကပဲ အခွင့်အလမ်းတွေ သယ်ဆောင်လာနေပါတယ်။ အဲဒီအခွင့်အလမ်းတွေကို သုံးပြီး ရန်ဘက်တွေကို မိတ်ဘက်အဖြစ် ဖန်တီးနိုင်ရင် ‘သူတို့လွှတ်ချင်ရင် ဆင်တောင် ဝင်လို့ရတယ်။ သူတို့ပိတ်ချင်ရင် ခြင်တောင် ဝင်လို့မရဘူး’ ဆိုတဲ့ စကားသံတွေ တိုးတိတ်သွားမှာပါ။ မိတ်ဆွေဖွဲ့နိုင်သူတွေကပဲ ကမ္ဘာကြီးကို လှအောင် ဖန်တီးနိုင်မှာပါ။ နပိုလီယံခေတ်ကလို နိုးထလာတဲ့ နဂါးကြီးကို ထိတ်လန့်စရာ မလိုတော့ပါ။ နဂါးကြီးရဲ့ ကျောပေါ်မှာစီးရင်း လိုရာခရီးကို ရောက်အောင်သွားနိုင်ဖို့သာ လိုပါတယ်။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024