Live
Home
မြန်မာသတင်း
နေပြည်တော်လမ်းမပေါ်တက်လာသည့် ကျွဲ၊ နွားများကို ဖမ်းဆီး၍ ပိုင်ရှင်ကို အရေးယူမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 27, 2019
နေပြည်တော် လမ်းမကြီးတွေပေါ်က ကျွဲ၊ နွားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပိုင်ရှင်ကို အရေးယူ သွားမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ မတ်လ ၂၆ ရက်က စည်ပင်ဧည့်ရိပ်သာ (၂) မှာ ခွေးဂေဟာ ဆောက်လုပ်ဖို့နဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးပွဲမှာ နေပြည်တော် ပြောဆိုခဲ့တာပါ။ နေပြည်တော် စည်ပင်ကော်မတီအဖွဲ့ဝင် ဦးဆန်းနိုင်က “လမ်းဘေးမှာရှိတဲ့ ကျွဲနွားတွေကို ခေတ္တ ထိန်းသိမ်းမယ့် အစီအစဉ်ပါ။ နည်းဥပဒေလည်း ရေးဆွဲပြီးပါပြီ လမ်းမကြီးတွေပေါ်ကို ကျူးကျော်ဝင်ရောက် စားကျက်ကျတဲ့ ကျွဲနွားတွေကို ထိန်းသိမ်း ဆောင်ရွက်ဖို့အတွက်ကိုလည်း လမ်းဘေး တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ ကျွဲ၊နွားတွေကို ထိန်းသိမ်းနိုင်ဖို့ တိရစ္ဆာန် အချုပ်ထောင် တခု တည်ဆောက်သွားဖို့ အတွက်လည်း  ရန်ပုံငွေ ထပ်ပြီးတင်ပြတောင်းခံမယ်လို့ လည်း သိရပါတယ်။ တိရစ္ဆာန် ဆေးကုနဲ့ သားသတ်ရုံများ ဌာနမှူး ဦးသိန်းနိုင်က “ကျွဲ နွား တိရစ္ဆာန် ထောင် အဆင့်ကတော့ ဒီနှစ်ဘတ်ဂျတ်မှာ ငွေကြေး ကန့်သတ်ချက်တွေအရ မဆောင်ရွက်နိုင်သေးပါဘူး။ လာမယ့် ဖြည့်စွက်မှာလည်း တင်ချင်တင်မယ်။ နောက် ၂၀၂၀-၂၁ ဘတ်ဂျတ်မှာလည်း ပြန်တင်ချင်တင်မှာပေါ့ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စလေ”လို့ ပြောပါတယ်။ နေပြည်တော် လမ်းမကြီးတွေပေါ်မှာ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနဲ့ ယာဉ်တိုက်မှုတွေဟာ ဖြစ်လေ့ရှိပြီး မကြာသေးခင်ကလည်း  ထိုင်းသံအမတ်ကြီးရဲ့ကားနဲ့ ကျွဲတိုက်မှုဖြစ်ခဲ့ပါတယ်။ လမ်းမကြီးပေါ် စားကျက်ကျတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးရမိတဲ့အချိန်ကနေ ကြေညာပြီး ပိုင်ရှင်က ၁၄ ရက်အတွင်း လာမရွေးဘူးဆိုရင် လေလံတင် ရောင်းချမယ်လို့လည်း သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024