ဖွေထိုင်းပါတီဦးဆောင်ပြီး ထိုင်းနိုင်ငံရေးပါတီ ၇ ခု ပူးပေါင်းကြောင်း ကြေညာ

ဓာတ်ပုံ - AFP
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီး အပြီးမှာ တိကျတဲ့ မဲအရေအတွက် ရာနှုန်းပြည့် မသိရသေးပေမယ့်လည်း စစ်အစိုးရက ဆက်လက်အုပ်ချုပ်သွားမှာကို မလိုလားတဲ့ ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီ ၇ ခုဟာ စစ်မှန်သောဒီမိုကရေစီရေးအတွက် ပူးပေါင်းလိုက်ကြောင်း ဒီနေ့မနက် ၁၀ နာရီက ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်ဦးရေ အများဆုံးရထားတဲ့ ဖွေထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ခွန်ယိင်း ဆူဒါရတ် ကေယုလားဖန်းက သူတို့ပါတီဟာ ပြည်သူတွေမျှော်လင့်တဲ့၊ ပြည်သူတွေကို ကတိပေးထားတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဖော်ဆောင်သွားမှာဖြစ်ကြောင်း၊ ဦးတည်ချက်တူ စေတနာချင်းတူတဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပူးပေါင်းဖို့၊ အစိုးရတရပ်ထူထောင်ဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဒီတကြိမ်ရွေးကောက်ပွဲဟာ သူတို့အတွက် ရွေးကောက်ပွဲဝင်မယ် ဆိုကတည်းက စပြီး အခက်အခဲတွေ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲဥပဒေဟာ စစ်အစိုးရက သူတို့ အာဏာဆက်လက်တည်မြဲရေးအတွက် ရေးဆွဲထားခြင်းသာဖြစ်ကြောင်း၊ အထက်လွှတ်တော် အမတ် ၂၅၀ ကို ခန့်ထားတာ၊ ကနဦးထွက်ပေါ်လာတဲ့ ဆန္ဒမဲ အရေအတွက်ဟာ ပုံမှန်မဟုတ်ဘဲ သံသယအရှိဆုံး ရွေးကောက်ပွဲဖြစ်ကြောင်း၊ ဒါကြောင့် သူတို့ပါတီတွေအနေနဲ့  စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လွှတ်တော်တွင်း အစိုးရဖွဲ့နိုင်ရေး ကြိုးစားသွားမယ်လို့ ခွန်ယိင်းဆူဒါရတ်က ပြောသွားပါတယ်။ ဒီနေ့ ပူးပေါင်းဖို့ သဘောတူလိုက်တဲ့ ပါတီ ၇ ခုမှာ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထူထောင်ခဲ့တဲ့ ဖွေထိုင်းပါတီ၊ ပါတီသက်တမ်း ၄ လသာရှိပေမယ့် လူငယ်တွေကြား ရေပန်းစားတဲ့ အနာခွတ်မိုင်ပါတီ၊ ဆေရီထိုင်းပါတီ၊ ပချားချတ်ပါတီ၊ ဖွေ့ချတ်ပါတီ၊ ဆစ်တကစ်မိုင်ပါတီနဲ့ ဖလန်းဘွန်းခွန်းထိုင်းပါတီတို့ ဖြစ်ပါတယ်။ အဲဒီပါတီ ၇ ခုက အနိုင်ရအမတ်ဦးရေတွေ ပေါင်းလိုက်ရင် အောက်လွှတ်တော်အမတ် အနည်းဆုံး ၂၅၀ ရမယ်လို့ ခွန်ယိင်းဆုဒါရတ်က ပြောပါတယ်။ လွှတ်တော်အမတ်နေရာ ရထားတဲ့ ကျန် တခြားပါတီတွေလည်း ဒီမိုကရေစီကို တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးအင်အားရှိဖို့ သူတို့နဲ့ လာရောက်ပူးပေါင်းဖို့ အနာခွတ်မိုင်ပါတီ ဥက္ကဋ္ဌ နိုင်းထနားထွဏ်းက ဖိတ်ခေါ်လိုက်ပါတယ်။ ကျန်ရှိ အမတ်နေရာရ ပါတီနှစ်ခုမှာ အရင်က ဖွေထိုင်းပါတီနဲ့ အတိုက်အခံ အကြီးအကျယ် ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝရဲ့ ဒီမိုကရက်ပါတီ (အမတ် ၃၃ နေရာ) နဲ့ ဖုမ်းကျိုင်းထိုင်းပါတီ (အမတ် ၃၉ နေရာ) တို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်အမတ်နေရာ အများဆုံးရတဲ့ ပါတီဟာ အနိုင်ရပါတီ၊ အစိုးရဖွဲ့နိုင်တဲ့ပါတီဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ Popular Vote လို့ခေါ်တဲ့ ပါတီမဲအရေအတွက် အများဆုံး ရရှိမှုကိုပါ ထည့်တွက်ထားပါတယ်။ ဒါ့အပြင် စစ်အစိုးရက ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်ဦးရေ ၂၅၀ ဦး ရှိပြီးသား ဖြစ်တာကြောင့် ကနဦး လွှတ်တော်အမတ်ဦးရေ အများဆုံးရထားတဲ့ ဖွေထိုင်းပါတီအနေနဲ့ အစိုးရဖွဲ့နိုင်ရေး ကြိုးစားနေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up