အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားသည့် ရုပ်ရှင် – A Vigilante (နမူနာ)
Published By
DVB | 27 March, 2019
1.3K
0
Share
0
Comment
0
Likes
အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား A Vigilante ကို လာမယ့် မတ်လ ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
အမေရိကန် Crime Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Saban Films က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Sarah Daggar-Nickson က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Sadie အမည်ရတဲ့ အမျိုးသမီးဇာတ်ကောင်ဟာ တချိန်က ဆိုးဝါးတဲ့ အိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရပြီး သားကောင်ဖြစ်ခဲ့ရသူတဦးပါ။ အဲဒီနောက်မှာတော့ သူ့ကိုယ်သူ ပြန်တည်ဆောက်ပြီး သူ့လိုပဲ ဆိုးဝါးတဲ့ ခါးသီးစရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရတဲ့ အမျိုးသမီးတွေကို ကူညီပြီး အကြမ်းဖက်တဲ့ ခင်ပွန်း ယောက်ျားတွေကို ဖြိုခွင်းတဲ့ ဇာတ်လမ်းအနေနဲ့ ပရိသတ်တွေ ရှုစားကြရမှာပါ။
ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် အမျိုးသမီး Sadie နေရာမှာတော့ အိုင်းရစ်ခ်ျ-အမေရိကန် သရုပ်ဆောင်မင်းသမီး Olivia Wilde က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Morgan Spector၊ Kyle Catlett၊ C.J. Wilson စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၉၁ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
IMDb မှာ Rating 6.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest Film Festival မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။