တောင်ငူမြို့ လက်ဖက်ရည်ဆိုင်တွင် လျှပ်စစ်အင်ဂျင်နီယာ ၁ ဦး ဓားထိုးခံရ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကုန်သည်ကြီးလမ်းမှာရှိတဲ့ "ထူး" လက်ဖက်ရည်ဆိုင်မှာ မတ်လ ၂၆ ရက်နေ့လယ်က လျှပ်စစ်အင်ဂျင်နီယာတဦး ဓားထိုးခံခဲ့ရပြီး သေဆုံးသွားပါတယ်။
ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ နေပြည်တော်နေ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်လွင် (ခ)ဦးမင်းလွင် အသက် (၅၀) နှစ်ကို ထန်းတပင်မြို့နယ် မိကျောင်းခေါင်းကျေးရွာနေ ယောက်ဖတော်စပ်သူ နေဝင်းအောင် အသက်(၃၅ နှစ်)က နောက်ကလိုက်လာပြီး ဓားနဲ့ ဝင်ထိုးခဲ့တာလို့ တောင်ငူရဲစခန်းက သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဦးမြင့်လွင်ဟာ ညာဘက်ညှပ်ရိုးအထက် ထိုးသွင်း ဒဏ်ရာ၊ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ညာဘက်လက်ညှိုးနဲ့လက်မကြား ပြတ်ရှဒဏ်ရာ၊ နားရွက်အောက် ပြတ်ရှဒဏ်ရာတို့ ရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပါတယ်။
လူသေဆုံးတဲ့အထိ ဓားနဲ့ထိုးခဲ့သူ နေဝင်းအောင်ကို တောင်ငူအမှတ် (၂) နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၂၆ နဲ့ အမှုဖွင့် အရေးယူထားရာကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ကို ပြောင်းလဲ ဖွင့်လှစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း- သားကြီး(တောင်ငူ)