A d v e r t i s e m e n t With Us

အမေရိကန်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေနှုန်း မြင့်တက်သည့်အပေါ် ဆန္ဒပြ

အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်မှုတွေအတွင်း အသက်ရှင်ကျန်သူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပါ့ခ်လန်းမြို့ လွှတ်တော် အဆောက်အဦ အပြင်ဘက်မှာ မတ်လ ၂၅ ရက်နေ့က တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့က အသက် ၄၉ နှစ်အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အနေအထားနဲ့ သူ့ရဲ့ရုံးခန်းမှာ တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အသက် ၆ နှစ်အရွယ် သားလေးဟာ ၂၀၁၂ ခုနှစ် Sandy Hook မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တာပါ။ ၂၀၁၂ ဒီဇင်ဘာလက အဲဒီမူလတန်းကျောင်းကို သေနတ်သမားတဦးက ဝင်ပစ်ချိန်မှာ အသက် ၆ နှစ်ကနေ ၇ နှစ်အရွယ် ရှိကြတဲ့ ကလေးငယ် အယောက် ၂၀ နဲ့ ကျောင်းဝန်ထမ်း ၆ ဦး သေဆုံးခဲ့ပြီး အမေရိကန်သမိုင်းမှာ လူအသေအပျောက်အများဆုံး ပစ်ခတ်မှုတခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၈ ကျောင်းတွင်းပစ်ခတ်မှုအတွင်း အသက်ရှင်ကျန်ခဲ့တဲ့ ၁၉ နှစ်အရွယ် ကျောင်းသူတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး တပတ်အကြာမှာ ပါ့ခ်လန်းမြို့ အထက်တန်းကျောင်းတခုက ကျောင်းသားတဦးလည်း အလားတူ သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်ရောင်းဝယ်မှုတိုင်းကို နောက်ခံအကြောင်းရင်း စစ်ဆေးမယ့် ဥပဒေကြမ်းတခုကို ထောက်ခံဖို့ တက်ကြွလှုပ်ရှားသူတွေဟာ အထက်လွှတ်တော်အမတ်တွေကို ၂၀၁၈ မတ်လကတည်းက စတင်တောင်းဆိုခဲ့ကြပါတယ်။ အဲဒီဥပဒေကြမ်းကို ၂၀၁၉ ဇန်နဝါရီ ၈ ရက်မှာ မိတ်ဆက်ခဲ့ပေမယ့် အထက်လွှတ်တော်မှာ မဆွေးနွေးမီ လွှတ်တော်ကော်မတီက ကနဦးသုံးသပ်သွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up