ဂျပန်အသင်းကို ၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာယူ-၂၃ နည်းပြ တောင်းပန်

အာရှ ယူ-၂၃ ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိတဲ့အပေါ် ပရိသတ်တွေကို တောင်းပန်တယ်လို့ မြန်မာယူ-၂၃ နည်းပြ ပိုပေါ့ဗ်က ပြောကြားသွားပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ အာရှယူ-၂၃ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မှာ ဂျပန်အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းကို အဘက်ဘက်က ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ဘဲ တပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းချက် နှစ်ကြိမ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်အသင်းကတော့ ပထမပိုင်းမှာ ၅ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဂျပန်အသင်းနဲ့ အဆင့်ကွာဟချက် များပြားခဲ့ပြီး ခန္ဓာကိုယ်ကြီးထွားမှု၊ ကြံ့ခိုင်မှုနဲ့ ဘောလုံးကျွမ်းကျင်မှုတွေ မယှဉ်နိုင်ခဲ့ဘူးလို့ ဘူလ်ဂေးရီးယားနည်းပြ ပိုပေါ့ဗ်က ပွဲအပြီးမှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာလည်း ပရိသတ်တွေကို တောင်းပန်တယ်လို့ပြောပြီး မြန်မာကစားသမားတွေရဲ့ ခြေစွမ်းဟာ တချိန်မှာ ပိုမိုတိုးတက်လာမယ့် အလားအလာ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာယူ-၂၃ အသင်းအနေနဲ့ အကောင်းဆုံး အုပ်စုဒုတိယ လေးသင်းနေရာအတွက် မျှော်လင့်ချက်ရှိခဲ့ပေမယ့် အုပ်စု အက်ဖ်က ပါကစ္စတန်အသင်း နုတ်ထွက်သွားတာကြောင့် အုပ်စုအောက်ဆုံးအသင်းနဲ့ ရလဒ်ကို ပယ်ဖျက်ခဲ့လို့ ရမှတ်သုံးမှတ်ပဲရခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up