လူဝံလေးတကောင်ကို မှောင်ခိုကူးရန် ကြိုးစားသည့် ရုရှားနိုင်ငံသား ထောင်ဒဏ်ကျခံရဖွယ်ရှိ

ဓာတ်ပုံ - AFP/Getty Images
အင်ဒိုနီးရှားနိုင်ငံမှာ လူဝံပေါက်စတကောင်ကို ခရီးဆောင်အိတ်ထဲထည့်ပြီး မှောင်ခိုကူးဖို့ ကြိုးစားတာကြောင့် အဖမ်းခံခဲ့ရတဲ့ ရုရှားနိုင်ငံသား ယက်ရှ်ကို အန်ဒရီဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ မတ်လ ၂၅ ရက်နေ့မှာ ရိုက်တာသတင်းက ဖော်ပြပါတယ်။ မျိုးတုံးပျောက်ကွယ်လုနီးပါး တိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေချိုးဖောက်မှုအရ အဲဒီ ရုရှားနိုင်ငံသားဟာ ထောင်ဒဏ်အပြင် အမေရိကန်ဒေါ်လာ ၇ ထောင် ဒဏ်ရိုက်ခံရနိုင်ပါတယ်။ ယက်ရှ်ကို အန်ဒရီရဲ့ ခရီးဆောင်အိတ်ကို လေဆိပ်မှာ X-ray စက်နဲ့ လုံခြုံရေး စစ်ဆေးချိန်မှာ မူးယစ်ဆေး ထိုးခံထားရပုံရတဲ့ ၂ နှစ်သားအရွယ် အဲဒီလူဝံကို တွေ့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီ ခရီးဆောင်အိတ်ထဲမှာ တောက်တဲ့အရှင်နဲ့ ဖွတ်အရှင်တွေကိုလည်း တွေ့ရတယ်လို့ ဘာလီရဲချုပ်က ပြောပါတယ်။ လူဝံတွေဟာ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ ပေါက်ဖွားကြပြီး ဆူမားတြားကျွန်းနဲ့ ဘိုနီယိုကျွန်း တောရိုင်းထဲမှာ ကျက်စားလေ့ရှိပါတယ်။ လူဝံမျိုးစိတ်တချို့ဟာ မျိုးတုံးပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မျိုးစိတ်အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ခံ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာပိုင်တွေက မှောင်ခိုကူးတာတွေကို အရှိန်မြှင့် ဖမ်းဆီးနေပေမယ့်လည်း တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်ရေး အားကောင်းနေဆဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up