Sunday, June 11, 2023
Homeမွနျမာသတငျးကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ

ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ

တနင်္သာရီတိုင်း ကော့သောင်းမြို့မြောက်ဘက် အေးရိပ်ငြိမ်နဲ့ ရွှေပြည်သာရပ်ကွက် အကြားမှာ စတင်လည်ပတ်နေတဲ့ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပေးဖို့အတွက် မြို့ခံတချို့ဟာ ကျောက်မီးသွေး စက်ရုံအလိုမရှိ၊ အစားထိုးလောင်စာတည်ဆောက်ပေး စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ဒီနေ့မနက် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး ဒေသခံလူထုအပါအ၀င် လူပေါင်း ၁၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ကော့သောင်းမြို့ကမ်းနားကစပြီး တမြို့လုံးကို ချီတက် လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ ဒီမိုကရက်တီပါတီ (မြန်မာ) က ပြောပါတယ်။

ဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒီမိုကရက်တီပါတီ(မြန်မာ) ရဲ့ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက “ဒီကျောက်မီးသွေးစက်ရုံက လူနေရပ်ကွက်ထဲမှာ လာလုပ်တာရယ်။ နောက် ကျောက်မီးသွေးက ထွက်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ မီးခိုးတွေ ပြာမှုန့်တွေဟာ ပြည်သူလူထုအတွက် တခုမှ ကောင်းတာမရှိဘူး။ လူတွေ အသက်သေဆုံးမှာကြောက်လို့ ဒီစက်ရုံဟာ ဒီတနသာင်္ရီတိုင်းမှာ လုံးဝမရှိသင့်ဘူးဆိုတာကို သမ္မတဆီ စာတင်တယ်။ ပြည်သူလူထုဆီလည်း စာတွေဖြန့်ဝေတယ်။ ဘယ်လိုနည်းနဲ့ အကူအညီတောင်းတောင်း ဘယ်အစိုးရမှ မလုပ်ပေးဘူးဆိုတာ သိတယ်။ ဒါကြောင့် ဒီလိုဆန္ဒထုတ်ဖော်ပြီး ဆန္ဒပြတာဖြစ်တယ်။”

ကော့သောင်းမြို့ အေးရိပ်ငြိမ်နဲ့ ရွှေပြည်သာ ရပ်ကွက်ကြားမှာ တည်ဆောက်ထားတဲ့ ဒီကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ သန်းဖြိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်က ဦးဆောင်လုပ်ကိုင်တာဖြစ်ဖြစ်ပြီး ထိုင်းနိုင်ငံက စီးပွားရေးသမားတွေ ရင်းနှီးမြှုပ်နှံမှုရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒီစက်ရုံတည်ဆောက်စဉ်က ဒေသခံတွေကို မီတာခ ၁ ယူနစ် ၂၀၀ နှုန်းနဲ့ ဖြန့်ဝေပေးမှာဖြစ်ပြီး အစိုးရအဆောက်အဦတွေကိုတော့ အခမဲ့ဖြန့်ဝေမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

ဒီကျောက်မီးသွေး စက်ရုံကို ပြီးတဲ့ ဩဂုတ်လက စမ်းသပ်ခဲ့ပြီး အောက်ဘာလ ၅ ရက်နေ့မှာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကျောက်မီးသွေးစက်ရုံကနေ လျှပ်စစ်မီး ရရှိမယ်ဆိုပေမယ့်လည်း ဒေသခံတွ ကျန်းမာရေးကို ပိုထိခိုက်နိုင်တာမို့ ဖျက်သိမ်းပေးဖို့ ဆန္ဒပြရတာလို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ မြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။

“ကျောက်မီးသွေးစက်ရုံ စမ်းကာစကဆိုရင် လသားအရွယ် ကလေးလေးဟာ စက်သံကြောင့် ရုတ်တရက်သေသွားရတယ်။ ပတ်ဝန်းကျင်မှာလည်း ဆူညံပြီး နားမခံနိုင်အောင်ဖြစ်ခဲ့ရတယ်။ ကျောက်မီးသွေးအနံ့အသက်တွေကြောင့် လည်ချောင်းကွဲတာ၊ ယားယံတာ၊ အသက်ရှူကျပ်တာ၊ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေ ပြည်သူတွေခံစားရတယ်။ မီးခဈေးကြီးတာထက် လူတွေအန္တရာယ်မဖြစ်ဖို့ အဓိကအလေးထား ဆောင်ရွက်တာဖြစ်ပါတယ်။”

ဆန္ဒပြဖို့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က စာတင်ထားပြီး ခွင့်ပြုမိန့်ကျတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်ပြီး ဒီစက်ရုံကို မဖျက်သိမ်းမချင်း ဆက်လက်ပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မယ့် ကျောက်မီးသွေးစက်ရုံဟာ အစောပိုင်းက ထိုင်းနိုင်ငံ ပရာကျွတ်မြို့မှာ တည်ဆောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒေသခံတွေ ကန့်ကွက်ခဲ့တဲ့ အတွက် ကော့သောင်းမြို့မှာ လာရောက် တည်ဆောက်တာလို့ လည်း ဒေသခံတွေက ပြောပါတယ်။

ကော့သောင်း ကျောက်မီးသွေးစက်ရုံကို သန်းဖြိုးသူ ကုမ္ပဏီနှင့် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ အကြား ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ အောက်တိုဘာလောက်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ဒေသခံပြည်သူတွေအတွက် ဆိုးကျိုးဖြစ်စေမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်  ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular