ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးရန် နေမာ အဆင်သင့်ဖြစ်

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖခင်ဖြစ်သူ နေမာစီနီယာက ပြောပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ လက်ရှိအချိန်မှာ ခြေချောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဒါပေမယ့် တခြား ထိပ်တန်းကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဓိက သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး နေမာရဲ့ ဖခင်ဖြစ်သူ နေမာစီနီယာက ငြင်းဆန်သွားခဲ့ပြီး သူ့သားရဲ့အနာဂတ်ဟာ ပီအက်စ်ဂျီအသင်းမှာရှိပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့တာပါ။
နေမာဟာ နာမည်ကြီးကစားသမားတဦး ဖြစ်တာကြောင့် သူ့အသက် ၁၇ နှစ်လောက်ကတည်းက ထိပ်တန်းအသင်းတွေနဲ့ သတင်းထွက်ပေါ်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိသေးကြောင်း သူ့ရဲ့ဖခင် နေမာစီနီယာက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကိုယ်တိုင်ကလည်း နေမာရဲ့ခြေစွမ်းကို ချီးကျူးမှုတွေ ပြုလုပ်ထားဖူးတာကြောင့် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။