၃ လအတွင်း တပ်မတော်နှင့် အေအေ ထိတွေ့တိုက်ပွဲ ၉၇ ကြိမ်ဖြစ်ပွား
ပိုင်စိုး
·
March 26, 2019
အခုနှစ် ၃ လတာ ကာလအတွင်း အေအေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်တွေကထက် အကြိမ်ရေ အများကြီး ပိုများတယ်လို့ တပ်မတော်ပြောခွင့်ရသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မနေ့က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက အခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ မတ် ၂၄ ရက်အထိ အေအေနဲ့ ထိတွေ့တိုက်ပွဲ ၉၇ ကြိမ်၊ မိုင်းဖြစ်စဉ် ၃၉ ကြိမ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်၊ မိုင်းဖြစ်စဉ် ၁ ကြိမ်၊ ၂၀၁၆ ခုနှစ်ထဲမှာ ထိတွေ့တိုက်ပွဲ ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၀ ကြိမ်၊ ၂၀၁၇ ခုနှစ်ထဲမှာ ထိတွေ့တိုက်ပွဲ ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ်၊ ၂၀၁၈ ခုနှစ်ထဲမှာ ထိတွေ့တိုက်ပွဲ ၆၁ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ဒ့ါအပြင် နယ်မြေခံတပ်ဌာနချုပ်တွေ၊ စခန်းတွေ၊ တပ်မတော်စစ်ကြောင်းတွေ၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို ခြိမ်းခြောက်သတိပေးစာတွေပို့တာ၊ မိုင်းထောင်တာ စတာတွေကို မြေပုံ၊ မှတ်တမ်းဓာတ်ပုံတွေလည်း တပ်မတော် တာဝန်ရှိသူတွေက ပြသ ရှင်းလင်းသွားပါတယ်။
ပြီးတော့ လူထုကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းထောင်၊ မိုင်းခွဲတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်မယ့် မသင်္ကာဖွယ်ရာတွေတွေ့ရင် ဒေသခံပြည်သူတွေအနေနဲ့ နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဆီကို အချိန်နဲ့တပြေးညီ အကြောင်းကြားသတင်းပေးပို့ ဖို့လည်း တပ်မတော်က မေတ္တာရပ်ခံ ပါတယ်။
ဒီရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က တပ်မတော်အရာရှိကြီးတွေ တက်ရောက်ခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က စလို့ တပ်မတော်ကအပစ်အခတ်ရပ်စဲထားတဲ့ ၄လတာကာလအတွင်း စစ်တိုင်းဒေသကြီး ၅ ခုရဲ့ အခြေအနေတွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။