Home
မေးမြန်းခန်း
‘ရုပ်တုနိုင်ငံရေးကို တောင်းဆိုခဲ့တာမရှိဘူး’ ကရင်နီလူငယ်ခူးကြူးဖဲကေးနှင့် မေးမြန်းချက်
နော်နိုရင်း
·
March 25, 2019
ကယားပြည်နယ် ၀န်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကို ကရင်နီအမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီလူငယ်တွေက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုထုတ်ပြန်ကြေညာလိုက်တာနဲ့ပတ်သက်ပြီး ကရင်နီလူငယ် ပြောခွင့်ရသူ ခူးကြူးပက်ကေးကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- ကရင်နီလူငယ်တွေက ဘာကြောင့် ခုလို ထုတ်ပြန်ကြေညာရတာပါလဲ။ ဖြေ။ “ လူမျိုးတုံးသတ်ဖြတ်ရင်တောင်သမိုင်းက ကျန်သေးတယ်ပေါ့။ သမိုင်းဖျောက်ခံရရင် လူမျိုးတမျိုးက ပျောက်ပြီပေါ့။ ဆိုတော့ သမိုင်းဖျောက်တဲ့လူတွေက နိုင်ငံရေးရာဇ၀တ်ကောင် တွေဖြစ်တယ်။ ကရင်နီအမျိုးသား သစ္စာဖောက်တွေဖြစ်တယ်။ နိုင်ငံရေး ရာဇ၀တ်မှုကို ကျူးလွန် ကြောင်းကို တရားဝင်ထုတ်ပြန်လိုက်တာဖြစ်တယ်။ ” မေး။ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ရန်ပုံငွေတွေကို ရုပ်တုထားရှိဖို့ ကိစ္စနဲ့ အသုံးပြုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အာဏာအလွဲသုံးတယ် အဂတိလိုက်စားတယ်ဆိုပြီးလည်း ကြေညာချက်မှာ ရေးထားတယ်။ ဒီကိစ္စ အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ကြားထားတာရှိလား။ ဖြေ။ “ ကျနော်တို့ တိုင်ကြားဖို့ရှိတယ်။ အဂတိတိုက်ဖျက်ရေးကော်မရှင်ကိုလည်း ကျနော်တို့စာပို့ဖို့ ရှိပါတယ်။ ကျနော်တို့ ဒီအပတ်ထဲမဟုတ်ရင် နောက်အပတ်ထဲ ရောက်အောင် ပို့ပါလိမ့်မယ်။ ” မေး။ အခုဒီလို တဖက်နဲ့တဖက် ကြေညာချက်တွေထုတ်ပြန်ပြီး အပြစ်တင်နေကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်က လူထုတွေ နှစ်ခြမ်း ကွဲသွားသလိုဖြစ်နေတဲ့ ဒီအခြေအနေကို ဘယ်လိုပြေလည်အောင် ဖြေရှင်းလို့ရမယ်လို့ ထင်လဲ။ ဖြေ။“အဓိကတော့ ကျနော်တို့ဆီမှာ လူထုက ကျနော်တို့ကို mandate (လုပ်ပိုင်ခွင့်) ပေးထားတာရှိတယ်။ လူထုက ဒါကို ပြည်နယ်ပြင်ပမဟုတ်ရင် အများနဲ့ မသက်ဆိုင်တဲ့နေရာကို ကြေးရုပ်ကိုရွှေ့ပေးဖို့ လူထုက တောင်းဆိုထားပြီးဖြစ်တယ်။ အရင်လ ၁၂ ရက်နေ့ လမ်းပေါ်ထွက်တဲ့အချိန်မှာ လူထုက သွေးမြေကျခဲ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ ဖေဖော်ဝါရီလ ၁၂ရက်ကို ကရင်နီပြည်လူထုအ ရေးတော်ပုံကိုလည်း တရားဝင်သတ်မှတ်ကြောင်း ကြေညာတယ်။” “ထိုနည်းတူပဲ ကြေးရုပ်ဖြစ် မြောက်ရေးကော်မီတီနဲ့ အစိုးရဘက်က အယူလွဲနေတာရှိတယ်။ အဲဒီအယူလွှဲနေတာက ဘာလဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုဖြစ်တဲ့ ကျနော်တို့ ကရင်နီပြည်ရဲ့ ထူးခြားတဲ့ ၀ိဒေသကို သူတို့က လက်မခံပေးဘူး။ လက်မခံနိုင်ဘူးဖြစ်နေတယ်။ ဥပမာ ကျနော်တို့က ကျနော်တို့ ကရင်နီပြည်မှာ တန်းတူညီမျှတဲ့ ကတိက၀တ်တွေ အရင်ဖော်ဆောင်ပြီးမှပဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ထားပါလို့ ကျနော်တို့ ပြောနေတဲ့အချိန်မှာ သူတို့က ဘာနဲ့တွဲမြင်လဲဆို တော့ ကျနော်တို့က ပြည်ထောင်စု ကျောက်တိုင်ကိုပါ ဖြုတ်ခိုင်းတယ်လို့ ကျနော်တို့ကို ပြည်ထောင်စုနဲ့ မသက်ဆိုင်တဲ့ ပုံစံပြောပါတယ်။” “ကျနော်တို့အမြဲတမ်းတောက်လျှောက်ပြောလာတာက တွေ့ဆုံညှိနှိုင်းရေး လမ်းစဉ်ကသာ ဒီကိစ္စကိုအဖြေရှာပေးနိုင်မှာဖြစ်တယ်။ တွေ့ဆုံညှိနှိုင်းရေးလမ်းစဉ်ဆိုတာက လည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေပါမှပဲ (bargaining) ညှိနှိုင်းတာ လုပ်လို့ရပါမယ်။ အလျော့ အတင်းရှိရပါမယ်။ ကျနော်တို့ တောက်လျှောက်တောင်းဆိုလာတာက တွေ့ဆုံညှိနှိုင်း ရေးလမ်းစဉ်ပဲ။ ပြီးတော့ လူထုရဲ့အသံကို လစ်လျှူမရှုဖို့လိုတယ်။ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ တခုတည်းသော နည်းလမ်းက ကျနော်တို့လူထုရဲ့ တောင်းဆိုသံကို လိုက်လျောပေးဖို့လိုပါတယ်။ ” မေး။ ဆိုတော့ ဗိုလ်ချုပ်ကြေးရုပ်ကိုနောက်မှပဲ တည်ချင်တည်လို့ရတယ်ဆိုတဲ့သဘောကို ပြောတာလား။ ဖြေ။ “ကျနော်တို့ ပြည်နယ်မှာ ထူးခြားတဲ့ ၀ိသေသ တခုက ကျနော်တို့က ပြည်ထောင်စုကို စပေါင်းတဲ့ အချိန်မှာ ဗြိတိသျှကိုလိုနီပေးခဲ့တဲ့နယ်လေးနယ်နဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်နယ်က  ပေါင်းခဲ့တာကိုး။ ဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်မှာ သုံးခဲ့တဲ့အလံက ကြယ်ဖြူကြီး ၅ ပွင့်က ကြယ်ဖြူတပွင့်ကို ပြည်ထောင်စုကို ၀န်းရံခဲ့ကြတယ်ဆိုတဲ့အလံတွေနဲ့ သုံးခဲ့ကြတာပါ။ ဆိုတော့ ကျနော်တို့ ပြည်နယ်ရဲ့ထူးခြားတဲ့ ၀ိသေသကို လက်ခံဖို့လိုတယ်။  ကျနော်တို့ပြည်နယ်မှာ ဒါတွေရှိခဲ့တယ်။ ပြည်ထောင်စုပြည်နယ်ရဲ့ထူးခြားတဲ့ ၀ိသေသကို လက်ခံနိုင်မှပဲ ပြည်ထောင်စုကြီးက ပိုပြီးအဓိပ္ပါယ်ရှိ မယ်လို့ကျနော်တို့ ယူဆပါတယ်။” “အဲလိုမှမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ အမြင်မှာက တော်လှန်ရေးခေါင်းဆောင်တယောက်ပါ။ ဆိုတော့ သူတယောက်ထဲ ဒီလွတ်လပ်ရေး တိုက်ပွဲကိုဝင်ခဲ့တာမဟုတ်ပါဘူး။ သူ့နဲ့အတူ ပေးဆပ်ခဲ့တဲ့ အညတရ သူရဲကောင်းတွေ အများကြီးရှိ တယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ခိုင်းတာက ကျနော်တို့ပြည်နယ်ရဲ့ ၀ိသေသ တခုနဲ့ဆိုင်လို့ပါ။ သမိုင်းကြောင်းဆိုင်ရာအရ ကျနော်တို့က ပြည်ထောင်စုမှာ တသီးတခြားပါဝင်ခဲ့တဲ့ coming together ပုံစံနဲ့လာခဲ့တဲ့ပြည်နယ်တခုဖြစ်ပါတယ်။ ဒါကိုလက်ခံပေးဖို့ ပြောတာပါ။” “ကျနော်တို့ရဲ့ ပြောဆိုမှုတွေ တောက်လျှောက်မှာ ကြေးရုပ်ကိုဖယ်ပေးဖို့ပဲပြောပါတယ်။ ကျနော်တို့ သမိုင်းကြောင်းအရ ကြေးရုပ်ကို ဖယ်ပေးရမယ်။ ဒါပေမယ့် လွတ်လပ်ရေးကျောက်တိုင်ကိုဖယ်ပေးပါဆိုတဲ့ စကားတခွန်းတလေကိုမှ ကျနော်တို့ ထွက်ခဲ့တာမရှိပါဘူး။ ကျနော်တို့က ပြည်ထောင်စုကနေ ခွဲထွက်ချင်တယ်လို့ တစွန်းတစေ့မှ မရှိပါဘူး။ ကျနော်တို့ အမြဲတမ်းပြောခဲ့တာက ကျနော်တို့ ကရင်နီပြည်နယ်ရဲ့ ထူခြားတဲ့ဝိသေသ ထူခြားတဲ့သမိုင်းကို အသိအမှတ်ပြုပေးပါ။ အသိအမှတ်ပြုခံချင်ရုံလေးပါ။ အသိအမှတ်ပြုပေးဖို့လိုပါတယ်။ အသိအမှတ် မပြုပေးဘူးဆိုရင် တိုင်းရင်းသားတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုဆိုတာက အဓိပ္ပါယ်မရှိတော့ပါဘူး။ ဆိုတော့ ကျနော်တို့က ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုဖြစ်တယ်။ ကျနော်တို့ကို အသိအမှတ်ပြုပေးမှုလေး လိုချင်ပါတယ်။ ဒါကိုတောက်လျှောက်ပြောလာတဲ့အချိန်မှာ အစိုးရက ကျနော်တို့ကို အမြဲတမ်းလျစ်လျူရှုခဲ့ပါတယ်။” မေး- ရုပ်တုကို မရွှေ့ပေးဘူးဆိုရင်ကော ဘာတွေလုပ်ဆောင်မယ်လို့ ပြောထားတာရှိလဲ။ ဖြေ- “လူထုက ရွှေ့ချင်တယ်။ ကျနော်တို့က Bargaining သီအိုရီကိုကောင်းကောင်းနားလည် တဲ့လူတွေဖြစ်ပါတယ်။ ကျနော်တို့မှာ Plan A၊ Plan B၊  Plan C ဆိုတာ ရှိပါတယ်။ ပြင်ပကိုရွှေ့ပေးဖို့ ကျနော်တို့ ရတိပြတ်ပြောတယ်။ သူတို့ဘက်က မဖြစ်နိုင်ဘူးပြောရင် ကျနော်တို့က ပြည်နယ်အတွင်းမှာ အများနဲ့ မသက်ဆိုင်တဲ့နေရာမှာ ရွေ့ဖို့ ပြောတယ်။ ဒီမှာအတိအလင်းပြောချင်တာက ရုပ်တုက နိုင်ငံရေးဖြစ်ပါတယ်။ ဥပမာ ယူကရိန်းကို ဆိုဗီယက်ပြည်ထောင်စုက ကျူးကျော်တဲ့အချိန်မှာ ယူကရိန်းမှာလည်း လီနင်ပုံတွေ စတာလင်ပုံတွေ ထုခဲ့တာပဲဖြစ်တယ်။ ဆိုတော့ ရုပ်တုက နိုင်ငံရေးဖြစ်တယ်။ ဒါကိုကျနော်တို့ နားလည်ဖို့လိုတယ်။ ကျနော်တို့ လူထုနဲ့ ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာ လူထုက ကျနော်တို့ကို ဒါကိုဖြစ်အောင်သွားဆွေးနွေးပါဆိုတဲ့ လူထုက ရွှေ့ဖို့ Mandate ပေးလိုက်တာဖြစ်ပါတယ်။ ဆိုတော့ ဒီအပေါ်မှာပဲ ကျနော်တို့ ဆွေးနွေးတာဖြစ်တယ်။ ကျနော်တို့က တဆင့်လျော့ပြီး ဆွေးနွေးနိုင်တယ်။ ပြည်နယ်ပြင်ပ မဟုတ်သည့် တိုင်အောင် ပြည်နယ် အတွင်းမှာ အများနဲ့ မသက်ဆိုင်တဲ့နေရာကိုရွှေ့၊ အန်အယ်လ်ဒီက စလုပ်တယ်။ အန်အယ်ဒီရုံးကိုရွှေ့ပါ။ ပရဟိတက လိုချင်တယ်။ ပရဟိတရုံးကို ရွှေ့ပါ။ ” မေး။ ဒီရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထဲမှာ ဥပမာအရေးကြီး အဆိုတင်သွင်း တာမျိုးတို့၊ တိုက်တွန်းချက်တွေ မရှိဘူးလား။ ဖြေ။ “ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီအမတ်တယောက်က တင်သွင်းတဲ့အချိန်မှာ တောင်ဒီကိစ္စက မရဘူးဖြစ်ပါတယ်။ ကျနော်တို့အမြဲတမ်းပြောတာက ကြေးရုပ်တုကို ဂုဏ်သိက္ခာရှိစွာ ရွှေ့ပြောင်းရေးဖြစ်ပါတယ်။ ကြံ့ခိုင်ရေးက တင်သွင်းတဲ့အချိန်မှာ ပြည်သူ့ လွှတ်တော်မှာ ပယ်ချခြင်း ခံခဲ့ရတယ်။ ကျနော်တို့ ပြည်နယ်လွှတ်တော်မှာက ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရက တပါတီထဲက လာတဲ့သူတွေဖြစ်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှု အင်မတန်မှအားနည်းတယ်။ ဆိုတော့ကျနော်တို့ ကြိုးစားတဲ့နေရာတိုင်းမှာ အမြဲတမ်းပဲ လျစ်လျူရှုခြင်းခံခဲ့ရတယ်။ ” မေး။ နောက်တခုက ပြီးခဲ့တဲ့ ၅ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အဆိုပြုထားတဲ့ကိစ္စ ကရင်နီပြည်နယ်မှာ အားလုံးလေးစားရတဲ့သူတဦးရဲ့ ရုပ်တုကို ထားမယ်ဆိုရင် ဘယ်သူ့ကို ထားမှာလဲ။ ဖြေ- “ကျနော်တို့ ဖြစ်စဉ်တောက်လျှောက်တခုလုံးမှာ ကျနော်တို့ အမြဲတမ်းပြောလာတာ တခုရှိ တယ်။ ကျနော်တို့ တောင်းဆိုနေတာက ကျနော်တို့တွေရဲ့ သမိုင်းကြောင်းကို အသိအမှတ်ပြု ပေးဖို့ပါပဲ။ ကျနော်တို့ ဘယ်ရုပ်တုကိုမှ၊ ရုပ်တုနိုင်ငံရေးကို တောင်းဆိုခဲ့တာမရှိဘူး။ ဆိုလိုတာက ဒီရုပ်တုကို နည်းတူ ယှဉ်ပြိုင် ကျနော်တို့တွေထဲက ရုပ်တုတခု ထောင်ရမယ်လို့ ကျနော်တို့ မပြောပါဘူး။ ကျနော်တို့ပြောတာက ရုပ်တုနိုင်ငံရေးမဟုတ်ဘူး။ ကျနော်တို့ ပြောတာက တန်းတူညီမျှ ရေးကိုပြောတယ်။ ကျနော်တို့တွေရဲ့ ပြည်နယ်သမိုင်းကြောင်းကို အသိအမှတ်ပြုပေး ဖို့ကိုပဲ ပြောတာပါ။ ကြေးရုပ်တုနောက် တခုထပ်ထားပေးဖို့ကို ကျနော်တို့ ပြောနေတာမဟုတ်ပါဘူး။ ” မေး။ ဗိုလ်ချုပ်အောင်ဆန်းလို အများက လေးစားအတုယူရမယ့် ကရင်နီခေါင်းဆောင်တွေထဲက လေးစားအတုယူရမယ့်ခေါင်းဆောင်ဆိုရင် ဘယ်သူရှိမလဲ။ ဖြေ-     “ကျနော်တို့ကရင်နီမှာ မျိုးနွယ်စု ၇ခုရှိပါတယ်။ ဆိုတော့ ကျနော်တို့ကတော့ ဒီအပေါ်မှာ ဘာမှ ကံသေကံမ ပြောထားတာမရှိဘူး။ ကျနော်တို့လည်းတရားဝင်မထုတ်ပြန်ပါဘူး။ ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့ ပြောလို့မရနိုင်သေးဘူး။ ဒါပေမယ့် ပြောနိုင်တာတခုကတော့ ကျနော်တို့က ရုပ်တုနောက်တခု ထပ်ထားဖို့ ကျနော်တို့တောင်းဆိုနေတာမဟုတ်ဘူး။ ကျနော်တို့တွေရဲ့ တန်းတူညီမျှရေးနဲ့ ကျနော်တို့တွေရဲ့ လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပေးဖို့ပါပဲ။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024