Home
မြန်မာသတင်း
အိုအိုင်စီရုံးကို ဖွင့်ခွင့်ပြုမည်မဟုတ်ဟု နိုင်ငံတော်သမ္မတရုံး ကြေညာ
DVB
·
October 15, 2012
အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရုံးခန်း မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မှာကို ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးက ကြေညာလိုက်ပါတယ်။ အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရုံး  မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်မှာကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့အတော်များများမှာ သံဃာတော်တွေနဲ့ ပြည်သူတွေက ဒီနေ့ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ရန်ကုန်မြို့မှာ အင်အားရာနဲ့ချီတဲ့ သံဃာတော်တွေနဲ့ မြို့ခံတွေဟာ  ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကနေ ဆူးလေအထိ ချီတက်ခဲ့ပြီး အိုအိုင်စီကို အလိုမရှိတဲ့အကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေနဲ့ သံဃာတော်တွေက အိုအိုင်စီကို အလိုမရှိ၊ အိုအိုင်စီထွက်သွားဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ  ငြိမ်းချမ်းစွာ  စီတန်းလှည့်လည်ခဲ့ပြီး ဆူးလေမှာ လူစုခွဲခဲ့ပါတယ်။ မြို့တော်ခန်းမအနီးမှာ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အစိုးရအနေနဲ့ အိုအိုင်စီနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ မလုပ်ပေးဘူးဆိုရင် ဥပုသ်နေ့တိုင်း ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်သွားမယ်လို့ ဟောပြောခဲ့တဲ့အကြောင်း ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ ဆန္ဒပြစီတန်းလှည့်လာတာကို အနုပညာရှင်တချို့လည်း လာရောက်အားပေးတဲ့အကြောင်းလည်း သူကပြောပါတယ်။ အလားတူ မန္တလေးမှာလည်း ထောင်နဲ့ချီတဲ့ သံဃာတော်တွေနဲ့ မြို့ခံတွေဟာ အိုအိုင်စီ အလိုမရှိတဲ့အကြောင်း ဆန္ဒပြဖော်ထုတ်ခဲ့ပါတယ်။ သံဃာတော်တွေနဲ့ မြို့ခံတွေဟာ မန္တလေး အိမ်တော်ရာဘုရားကနေစတင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြပွဲမှာ လိုက်လံသတင်းရယူခဲ့တဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ ဆန္ဒပြရာမှာ အာဏာပိုင်တွေက တစုံတရာ အနှောင့်အယှက်မပေးခဲ့သလို ရဲတွေက လုံခြုံရေး ယူထားပေးတယ်လို့လည်း ဆိုပါတယ်။ အိုအိုင်စီရုံး လာရောက်ဖွင့်လှစ်ဖို့ကြိုးစားတာနဲ့ ပတ်သက်ပြီး မကွေးတိုင်း၊ ပခုက္ကူနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့မှာလည်း သံဃာတော်တွေနဲ့ မြိုခံလူထု ဒီနေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်က နေအိမ်တွေမှာလည်း အိုအိုင်စီကို ကြက်ခြေခတ်ထားတဲ့ စာရွက်တွေကို အိမ်တွေမှာ ကပ်ပြီးတော့ ဆန္ဒ ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး အိုအိုင်စီရုံး လာဖွင့်မှာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေမြို့တွေမှာ စတင်ဖြစ်ပွားခဲ့တာပါ။ လူသားချင်းစာနာထောက်ပံ့တဲ့ အကူအညီတွေပေးရာမှာ ဆက်သွယ်ဆောင်ရွက်ဖို့ ရည်ရွက်ချက်နဲ့ အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က မြန်မာနိုင်ငံမှာ ရုံးဖွင့်လှစ်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024