Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အင်းတော်မြို့တွင် ဆန္ဒပြတောင်းဆို
DVB
·
March 25, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကို  ဒေသခံ အင်အား ၁၀၀ ကျော်နဲ့ ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၂၅ ရက် မနက်က ပြုလုပ်ခဲ့တယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးသန်းအောင်က “၂၀၀၈ ဖွဲ့စည်းပုံက ဘာနဲ့ တူသလဲဆိုတော့ သန္ဓေပျက်နေတဲ့ မိဘနှစ်ပါးကမွေးလာတဲ့ သားသမီးနဲ့တူတယ်။ သန္ဓေပျက်နေ တဲ့ မိဘနှစ်ပါးက မွေးလာတဲ့ သားသမီးဟာ သူလည်း သန္ဓေပျက်တဲ့ ပုံစံတွေထွက်လာတာပဲ။”လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းကနေ ပြင်ဆင်ဖို့ ကြိုးစားနေကြပေမယ့် ပြင်ဖို့ မလွယ်ကူတာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ လည်း ဆန္ဒပြပွဲ ဦးဆောင်သူက ပြောပါတယ်။   “ကတိတွေအတိုင်း မလုပ်ခဲ့ပဲနဲ့ ချိုးဖောက်ပြီးရေးခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ အခါကျတော့ ကိုယ်လက်အင်္ဂါမစုံလင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်လာတာ။ ဒါတွေကို ကျနော်တို့က ပြင်ချင်တယ်။ ပြင်လို့မရအောင် လုပ်ထားတယ်။ ပုဒ်မ ၄၃၆ အရ တပ်မတော်က ၂၅ ရာခိုင်နှုန်းယူထားတယ်။ ပုဒ်မ ၄၃၆ အရ ၇၅ ရာခိုင်နှုန်းကျော်မှဆိုတော့ စစ်တပ်က တယောက်ယောက်က မထောက်ခံလို့ရှိရင် ဖွဲ့စည်းပုံဟာ ဒီဘဝ ဟိုဘဝ နောင်ဘဝ ဘယ်သောအခါမှ ပြင်လို့မရဘူးခင်ဗျ။ လွှတ်တော်မှာပြင်မယ်ဆိုရင် လည်း ဒီကိစ္စက ပြင်လို့မလွယ်တာ ဖြစ်တဲ့အတွက် ဆန္ဒထုတ် ဖော်တာပါ”လို့ အင်းတော်မြို့ခံ ဦးသန်းအောင်က ပြောပါတယ်။ ဆန္ဒပြသူတွေက အင်းတော်မြို့တွင်းလှည့်လည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အများပြည်သူ ဝိုင်းဝန်းကူညီပေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်က ဗွီနိုင်းပိုစတာတွေ  ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024