ထိုင်းရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ဦးဆောင်သည့်ပါတီ အနိုင်ရနေ

ဓာတ်ပုံ - Reuters
မတ်လ ၂၄ ရက်က ကျင်းပတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ မဲရေတွက်မှု ၉၄ ရာခိုင်နှုန်းအပြီးမှာ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ ဖလန်းပရချားရတ်ပါတီက မဲအရေအတွက် ၈ သန်းနီးပါးနဲ့ အများဆုံးဖြစ်နေပါတယ်။ ပထမနဲ့ ဒုတိယပါတီ နှစ်ခုမှာ မဲအရေအတွက် ၅ သိန်းကျော် ကွာခြားနေပြီး ကျန်တဲ့ ၆ ရာခိုင်နှုန်း မဲရေတွက်မှုက အနိုင်အရှုံး ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ ရှပ်နီပါတီလို့ လူသိများတဲ့ ဖွေထိုင်းပါတီကလည်း မဲအရေအတွက် ၇ သန်းခွဲနီးပါးနဲ့ ဒုတိယလိုက်နေပါတယ်။ လူငယ်တွေကြား ရေပန်းစားတဲ့ အနာခွတ်မိုင်ပါတီက တတိယနေရာ၊ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝ ခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီက စတုတ္ထနေရာ လိုက်နေပါတယ်။ မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာတော့ ၉၃ ရာခိုင်နှုန်း ရေတွက်ပြီးစီးမှု အခြေအနေအရ ဖွေထိုင်းပါတီက ၁၃၅ ဦးနဲ့ ဖလန်းပရချားရတ်ပါတီက ၁၁၇ ဦး၊ အနာခွတ်မိုင်ပါတီက ၈၀ ဦး ရရှိနေပါတယ်။ ထိုင်းရွေးကောက်ပွဲ ဥပဒေအရ ပြည်သူတဦးဟာ မဲလက်မှတ်တစောင်တည်းမှာပဲ  ပါတီနဲ့ နယ်မြေလွှတ်တော်ကိုယ်စားလှယ်အတွက် မဲနှစ်မဲ ရွေးချယ်မဲပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဖွဲ့စည်းပုံမှာ အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ အောက်လွှတ်တော်အမတ် ၅၀၀ ရှိပါတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ ရွေးကောက်ပွဲအနိုင်ရ အောက်လွှတ်တော်က အမတ်အနည်းဆုံး ၂၅၀ ဦးတို့က ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် ၂၅၀ ဦးကိုတော့ဖွဲစည်းပုံအရ လက်ရှိအာဏာရစစ်အစိုးရက ရွေးချယ်ထားတာကြောင့် ကျန်ပါတီတွေအနေနဲ့ အောက်လွှတ်တော် အမတ်နေရာ ၂၅၀ ကျော် စုစည်းရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါတီတွေအနေနဲ့ တပါတီတည်းဆိုရင် အပြတ်အသတ် အနိုင်ရစရာအကြောင်းမရှိလို့ တခြားပါတီတွေနဲ့ ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့ရမယ့် အနေအထား ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံက ပါတီသက်တမ်း နှစ် ၇၀ ကျော်ရှိတဲ့ ဒီမိုကရက်ပါတီကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် ရှုံးနိမ့်နေတဲ့အတွက် ပါတီဥက္ကဋ္ဌ အဘီဆစ် ဝေ့ချာချီဝက တာဝန်ယူမှု ပြသတဲ့အနေနဲ့ ရွေးကောက်ပွဲမပြီးခင် မနေ့ညကပဲ ပါတီဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ နောက်ဆုံးရမဲအရေအတွက် အတည်ပြုချက်ကို ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up