Home
မြန်မာသတင်း
ချောက်မြို့မဈေးတွင် ဆင်ဆာမဲ့ခွေ ရောင်းချသူကို ဖမ်းဆီးအမှုဖွင့်
DVB
·
March 25, 2019
မကွေးတိုင်း ချောက်မြို့ မြို့မဈေး အနောက်ဘက် ပျံကျဈေးတန်းမှာ ဆင်ဆာမဲ့ DVD ခွေ ရောင်းချသူတဦးကို မတ်လ ၂၃ ရက်နေ့ နေလယ်ပိုင်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အမှတ် ၅ မော့တန်းလျားရပ်နေ ဒေါ်ချို(ခ) ဒေါ်လှလှဝေ ရောင်းချနေသော ပျံကျဈေးဆိုင်မှ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်ကား ဒီဗွီဒီချပ် ၇၆၀ ချပ်၊ ဆင်ဆာမဲ့ ကာတွန်းဇာတ်ကားစုံခွေ ၂၁၀ ချပ်၊ မြန်မာသီးချင်းခွေ ၇၂၀ ချပ် စုစုပေါင်း ဆင်ဆာမဲ့ခွေချပ် ၁၆၉၀ ချပ်၊ (ကာလတန်ဘိုးငွေ တစ်ချပ်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေ ၅ သိန်း ၇ ထောင်ကျပ်) တို့ကို တွေ့ရှိသိမ်းဆည်း အရေးယူထားတယ်လို့ သိရတယ်။ မကွေးတိုင်း ဗွီဒီယိုအခြေခံအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က “မြန်မာတေးသီးချင်း၊ ဇာတ်ကားတွေ ထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေရဲ့ နှစ်နာမှုတွေက များပြားလာတဲ့အတွက် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေရတာ ဒီလိုသာ မဖမ်းဆီးအရေးမယူဘူးဆိုရင် မြန်မာ တေးသီးချင်းတွေ၊ ဇာတ်ကားတွေ အသစ်မထုတ်လုပ်နိုင်တဲ့ အခြေအနေ ရောက်သွားဖို့ရှိတယ်၊ ဒါကြောင့် ဖမ်းဆီးအရေးယူရတာပါ'' လို့ပြောပါတယ်။ တရားမဝင် ဆင်ဆာမဲ့ခွေ ခင်းကျင်းရောင်းချသူ ဒေါ်ချို (ခ) ဒေါ်လှလှဝေ ၅၂ နှစ်ကို ချောက်မြို့မရဲစခန်းက မြန်မာ့ရုပ်မြင်သံကြား ဗွီဒီယို ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024