ရခိုင်တွင် စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော် ရှိပြီ
DVB
·
March 25, 2019
ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်ဦးရေ ၂၀,၀၀၀ ကျော် ရှိသွားပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က သတင်းထုတ်ပြန်ထားပါတယ်။
REC စာရင်းအရ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၁၉၄၀ ဦး၊ ကျောက်တော် မြို့နယ်မှာ ၂၉၉၀ ဦး၊ မြောက်ဦးမြို့နယ်မှာ ၃၈၅၂ ဦး၊ ရသေ့တောင်မြို့နယ်မှာ ၁၆၃၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၁၁၇၁ ဦး၊ မင်းပြားမြို့နယ်မှာ ၂၄၈၀ ဦး အသီးသီးရှိနေပါတယ်။
ပိတ်မိနဲ့ စစ်ဒဏ်သင့် လူဦးရေက ဘူးသီးတောင်မှာ ၁၆၁၀ ဦး၊ ရသေ့တောင်မှာ ၉၆၀ ဦး၊ ပုဏ္ဏားကျွန်းမှာ ၁၂၅၀ ဦး၊ ကျောက်တော်မှာ ၈၂၀ ဦး၊ မြောက်ဦးမှာ ၁၁၀၀ နဲ့ မင်းပြားမှာ ၃၄၀ အသီးသီး ရှိနေပါတယ်။
စစ်ပြေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ ၁၄၀၆၅ ဦးရှိပြီး စခန်းပြင်ပရှိ ဦးရေက ၆၀၈၀ ဦး ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အချိန်နဲ့အမျှ ကိန်းဂဏန်း အချက်အလက်များ အပြောင်းအလဲရှိနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ REC အနေနဲ့ အခုဖော်ပြချက်မှာ နယ်မြေ၊ စခန်း အသီးသီးရှိ စစ်ဘေးဒုက္ခသည် အရေအတွက်ကိုသာ ဖော်ပြပေးထားတာပါ။
အချက်အလက်တွေ ကောက်ခံရာမှာ စိန်ခေါ်မှု၊ အကျဉ်းအကျပ် အမျိုးမျိုးကြားက ပင်းပန်းခံ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ REC စစ်ဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီဝင်တွေ၊ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရဟန်းသံဃာတွေ၊ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေ ထောက်ပံ့လှူဒါန်းမှုပေးခဲ့ကြသူတွေ၊ စစ်ရှောင်စခန်းအသီးသီးက တာဝန်ရှိသူတွေကို မှတ်တမ်းတင် အသိအမှတ်ပြုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ ရခိုင်တပ်တို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက တိုက်ပွဲဖြစ်ပွားနေတာပါ။