‘ဝ’ဒေသတွင် ပေါက်ကွဲမှုဖြစ်ပွား၍ ၁၆ ဦးသေ၊ ၅၀ ခန့် ဒဏ်ရာရ (ရုပ်သံ)
နော်နိုရင်း
·
March 25, 2019
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့အတွင်း မတ်လ ၂၃ ရက် ညနေ ၅ နာရီဝန်ကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူပေါင်း ၁၆ ဦးထက်မနည်းသေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရရှိသွားပါတယ်။
ဂတ်စ်အိုးတွေနဲ့ ယမ်းသိုလှောင်တဲ့ ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတာဖြစ်တယ်လို့ လားရှိုးအခြေစိုက် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းကဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ စုံစမ်းသိရှိရသလောက်ကတော့ ယမ်းဂိုဒေါင် သိုလောင်ထားတဲ့ ယမ်းတွေ မတော်တဆပေါက်ကွဲမှုကနေပြီးတော့မှ စတင်ဖြစ်ပေါ်တာကတော့ ယေဘုယအားဖြင့် အဲလိုမျိုးသိရတယ်ပေါ့နော်။ မနေ့ညအထိတော့ ဒီသေဆုံးတဲ့လူက ၁၆ ယောက်ပေါ့နော်။ ဒဏ်ရာရတဲ့လူက ၄၈ ယောက်ပေါ့နော်။ သူတို့ကို တရုတ်ပြည်ဘက်ခြမ်းမှာ ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ တရုတ်ရဲ့အကူအညီနဲ့ပေါ့နော်။ ”
ဒါ့အပြင် ဒဏ်ရာရသူတွေထဲက ၂၆ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အနေအထားမှာရှိလို့ စိုးရိမ်ရတယ်လို့လည်းပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မိုင်းမောမြို့ဟာ ‘၀’ ဒေသရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ပန်ဆန်းမြို့နဲ့ ကီလိုမီတာ ၁၇၀ အကွာမှာ တည်ရှိပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဂိုဒေါင်ဟာ ဆောက်လုပ်ရေးကုမ္မဏီတခု ပိုင်တဲ့ဂိုဒေါင်ဖြစ်ပြီး ပေါက်ကွဲမှု ဘယ်လိုစတင်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။