ဒီပေးအား ခေါ်ယူရန် လီဗာပူးကို ရောဘတ်ပီရတ် တိုက်တွန်း

978
လီဗာပူးအသင်းအနေနဲ့ ပြင်သစ်မြေမှာ ခြေစွမ်းပြနေတဲ့ ဟော်လန်တိုက်စစ်မှူး မန်းဖစ်ဒီပေးကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူကာ အသင်းရဲ့တိုက်စစ်ကို မြှင့်တင်သင့်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ရောဘတ်ပီရတ်က အကြံပြုလိုက်ပါတယ်။
Bwin သတင်းဌာနနဲ့ တွေဆုံစဉ်မှာ ပီရတ်က တိုက်တွန်းလိုက်တာဖြစ်ပြီး ဒီပေးဟာ ပရီးမီးယား လိဂ်ကို ပြန်လည်အခြေချချင်နေတယ်လို့ ပီရတ်က ပြောခဲ့ပါတယ်။
“သူ့အနေနဲ့ လုံလောက်တဲ့အခွင့်အရေးမရခဲ့ဖူး၊ အသက် ငယ်ရွယ်ချိန်မှာ ကောင်းမွန်တဲ့ စိတ်ရှည်မှုမျိုးကို မရရှိခဲ့ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် သူဟာ သူမအောင်မြင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ် ယူနိုက်တက်ရဲ့ပြိုင်ဘက် အသင်းတသင်းသင်းကို ပြန်သွားပြီး သူ့ကိုယ်သူသက်သေပြချင်နေပါလိမ့်မယ်။”
ဒါ့ကြောင့် သူ့ကိုခေါ်ယူဖို့ လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ကို တိုက်တွန်းသွားခဲ့တာ ဖြစ်ပြီး ဟော်လန်အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဝိုင်နယ်ဒန်တို့ လီဗာပူးမှာ ရှိနေတာကလည်း သူ့အတွက် အဆင်ပြေစေပါလိမ့်မယ်လို့ ဆိုပါတယ်။
တချိန်က ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ်တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီပေးဟာ ၂၀၁၅ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ဖူးပြီး အသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့ကြောင့် သူဟာ ပြင်သစ်မြေကို ပြောင်းရွှေ့သွားခဲ့ပြီး ပြင်သစ်မြေမှာတော့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ပွဲ ၈၀ အတွင်း ဂိုး ၃၀ သွင်းယူထားနိုင်ခဲ့ပါတယ်။
ဒီပေးဟာ မကြာသေးခင်က ကစားခဲ့တဲ့ ဘီလာရုစ်နဲ့ ယူရိုခြေစစ်ပွဲမှာလဲ နှစ်ဂိုးသွင်းကာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဖန်တီးပေးမှုကို လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဝိုင်နယ် ဒန်နဲ့ ဗန်ဒိုက်တို့က အဆုံးသတ်ခဲ့ပါတယ်။
ဒါ့ကြောင့် ယာဂန်ကလော့သာ ပီရတ်ရဲ့အကြံပြုချက်ကို လက်ခံခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ သူတို့သုံးဦးကို ကလပ်အသင်းမှာလည်း အတူတကွ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပေးဟာ လက်ရှိအချိန်မှာပေါင် ၄၅ သန်းလောက် တန်ကြေးရှိနိုင်ပါတယ်။