လန်ဒန်တွင် ဘရက်ဇစ်သဘောတူညီချက်ကို လူထောင်သောင်းချီ ဆန္ဒပြ
DVB
·
March 24, 2019
ဗြိတိန်နိုင်ငံရဲ့ မြို့တော်လန်ဒန်မှာ ထောင်သောင်းချီတဲ့လူတွေ မတ်လ ၂၃ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှု (ဘရက်ဇစ်) ကို ဆန့်ကျင်ရင်း လူထုဆန္ဒ ခံယူပွဲ အသစ် ပြန်လုပ်ဖို့ တောင်းဆိုနေကြတာပါ။
ဘရက်ဇစ် အကြပ်အတည်းက ပိုနက်ရှိုင်းလာနေတဲ့အတွက် ဝန်ကြီးချုပ် ထရေဆာမေ ရဲ့ ရာထူးလည်း ဖယ်ရှားခံရမယ့်အခြေအနေ ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
အကောင်းဆုံး သဘောတူညီချက်က ဥရောပသမဂ္ဂကနေ ခွဲမထွက်တာပဲ၊ ပြည်သူ့မဲကို တောင်းဆိုတယ် စတဲ့စာသားတွေ ရေးထားတဲ့ ပိုစတာတွေ ကိုင်ရင်း လန်ဒန် မြို့လယ်တလွှား ချီတက်ခဲ့ကြတာပါ။
ဒါဟာ ခွဲထွက်မှု ဆန့်ကျင်တဲ့ အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်နိုင်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အောက်တိုဘာလကလည်း အလားတူ ဘရက်ဇစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပြီး ချီတက်သူ လူ အယောက် ၇ သိန်း ရှိခဲ့တယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရင် ဗြိတိန် ဘယ်အချိန် ဘာဖြစ်သွားမယ်ဆိုတဲ့ အချက်အလက်တွေဟာ ၃ နှစ်ကြာတဲ့ စကားရည်လုပွဲတွေအတွင်း မသေမချာ ဖြစ်နေဆဲပါ။
မျိုးဆက်တဆက်အတွင်း အနက်ရှိုင်းဆုံး နိုင်ငံရေး အကြပ်အတည်းကနေ ရုန်းထွက်ဖို့ နည်းလမ်းကို ချမှတ်ရေး ဗြိတိန်ဝန်ကြီးချုပ်က ကြိုးစားနေပါတယ်။