၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားသူ ၄၆ ဦးကို တရားစွဲဆိုနိုင်ခဲ့ဟု ကော်မရှင်ဥက္ကဋ္ဌ ပြော
DVB
·
March 24, 2019
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားကြောင်း ခိုင်လုံတဲ့အထောက်အထားရှိသူ လူပုဂ္ဂိုလ် ၄၆ ယောက်ကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။
မတ်လ ၂၃ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လုပ်ခဲ့တဲ့ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
အဂတိလိုက်စားလို့ တရားစွဲခံရသူတွေထဲမှာ ရာထူးငယ်သူများသာမက ရာထူးကြီးသူ အချို့ပင် အဂတိလိုက်စားမှုရဲ့ ပြစ်မှုမြောက်ခြင်း သဘာဝကို သေသေချာချာ နားလည်ထားတာ မရှိဘူးလို့လည်း ဦးအောင်ကြည်က ပြောပါတယ်။
အဂတိလိုက်စားလို့ တရားစွဲခံထားရသူတွေဟာ လုပ်ရိုးလုပ်စဉ်အတိုင်း မဖြစ်တန်ရာလို့ ယူဆပြီး ဆက်လက်လုပ်ဆောင်နေလို့ တရားစွဲခံရတာ အဖြစ်များတယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးတဲ့ အမှုမှာ လာဘ်ယူခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်တို့ကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုတာ၊ တားဆီးကာကွယ်တာနဲ့ အသိပညာပေးခြင်း နည်းလမ်း သုံးသွယ်နဲ့ တပြိုင်တည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) တွေကို စတင်ဖွဲ့စည်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လ ဝီရိယနဲ့ လုပ်ဆောင်ဖို့ သန္နိဋ္ဌာ န်ချထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။