ရှေ့နေများ ဆန္ဒဖော်ထုတ်ခွင့်ရပြီ

ရန်ကုန်က ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဗဟိုတရားရုံးချုပ်နဲ့ တိုင်း တရားရုံးပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးမယ့် ကိစ္စနဲ့ ရုံးခွန်နှုန်းထား တိုးမြှင့်လိုက်တဲ့အပေါ် တရားလွှတ်တော် ရှေ့နေတွေ ဆန္ဒပြလမ်းလျှောက်ဖို့ ကိစ္စ ခွင့်ပြုချက် ရပြီ ဖြစ်ကြောင်း ရှေ့နေကွန်ရက်အဖွဲ့ဝင် ရှေ့နေကြီး ဦးကိုနီက ဒီဗွီဘီကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ ပြုလုပ်မယ့် တရားဝင် စီတန်းလှည့်လည်ပွဲမှာ ရှေ့နေ ၁၅၀ ပါဝင်မှာ ဖြစ်ပြီး အခြားရှေ့နေတွေကတော့ ပရိသတ်အနေနဲ့ လိုက်ပါကြမှာ ဖြစ်ပါတယ်။
မနက် ၁၀ နာရီ မဟာဗန္ဓုလ ပန်းခြံဘေး တရားလွှတ်တော်နာရီစင်ဘက် အခြမ်းမှာ လူစုပြီး ကမ်းနားဘက်ကို ဆင်းကာ ဘဏ်လမ်းဘက်ကို ဆက်လျှောက်မယ်လို့ သိရပါတယ်။
လမ်းလျှောက်တဲ့အခါ “တရားရုံးကို ဟိုတယ်လုပ်တာ မကြိုက်” “တရားရုံးများအဖြစ် တည်ရှိရေး ဒို့အရေး” “အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ကာကွယ်ပေး” “တိုးမြှင့်လိုက်တဲ့ ရုံးခွန်နှုန်းထားတွေ လျှော့ချပေး” စတဲ့ ပိုစတာတွေကို ကိုင်ဆောင် သွားမှာ ဖြစ်ပြီး ကြွေးကြော်တာမျိုးတော့ မလုပ်ဘူးလို့ ဦးကိုနီက ပြောပါတယ်။
ဘဏ်လမ်းဘက်ကနေ အခု ဟိုတယ်လုပ်မယ့် တိုင်းတရားရုံးရှေ့မှာ ရှေ့နေ ၄ယောက်က ဟောပြောကြမယ် ဖြစ်ကြောင်း သိရပါတယ်။