ရေမြောင်းဖော်ရာတွင် ယာယီဆောက်ထားသည့် တဲများ ပျက်စီးမည်ကို စိုးရိမ်နေ
ပိုင်စိုး
·
March 23, 2019
မီးလောင်ခဲ့တဲ့ လှိုင်သာယာမြို့နယ် ညောင်ရွာမှာ ရေမြောင်းဖော်မယ်ဆိုလို့ ယာယီ ပြန်ဆောက်ထားတဲ့ တဲတွေ ပျက်စီးသွားမှာကို စိုးရိမ်နေရတယ်လို့ အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။
ဒီနေရာမှာ မတ်လ ၉ ရက်နေ့က မီးလောင်ခဲ့ပြီး မတ်လ ၂၁ ရက်မှာလည်း ထပ်လောင်ခဲ့တာပါ။
ပထမတကြိမ်လောင်တုန်းက မီးဘေးသင့်သူတွေကို ညောင်ရွာ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပြီး ထားခဲ့ပေမယ့် နောက်တကြိမ်လောင်ရာမှာတော့ နေစရာ မရှိခဲ့ပါဘူး။
အဲဒီမှာနေထိုင်သူ ကိုမင်းက “ဘုန်းကြီးကျောင်းကိုသွားတော့ တရားစခန်းဖွင့်နေတာကြောင့် အသိအိမ်တွေမှာ သွားနေပါဆိုပြီး ပြန်လွှတ်တယ်။ အဲဒီလိုလည်း နေစရာ မရှိဘူးလေ။ ဒါကြောင့် မီးလောင်သွားတဲ့နေရာမှာပဲ ဝါးတိုင်တွေစိုက်ပြီး ဖြစ်သလို နေကြရတယ်” လို့ ပြောပါတယ်။
သူတို့နေတဲ့ နေရာရဲ့ နောက်မှာ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရဲ့ ရေမြောင်းရှိပြီး မနေ့ညက အဲဒီရေမြောင်းကိုဖော်ဖို့ ဘက်ဟိုးတစီး ရောက်လာတယ်လို့ သူက ပြောပါတယ်။
“ည ၁၂ လောက် ရောက်လာတာ။ ရေမြောင်းကို ဖော်ပြီး မြောင်းဘောင်ကို ထပ်မြှင့်မယ်တဲ့။ အဲလိုလုပ်ရင်ပဲ ဖြစ်ဖြစ်၊ သူ ဝင်လာရင်ပဲ ဖြစ်ဖြစ် ကျနော်တို့ နေတဲ့နေရာတွေ ပျက်စီးသွားမှာ။ ဒါကြောင့် ပြဿနာလည်း မဖြစ်အောင် အမျိုးသမီးတွေက သွားပြီး ပြောကြတယ်။ အခုတော့ ညောင်ရွာထဲဘက်ကို ထွက်သွားပါတယ်” လို့ ပြောပါတယ်။
အဲဒီနေရာဟာ ကျူးကျော် စမတ်ကတ်ကိုင်ဆောင်သူ အများစု နေထိုင်တာ ဖြစ်ပြီး ပထမအကြိမ်မီးလောင်တုန်းက အိမ်ခြေ ၁၀၀ ကျော်၊ ဒုတိယအကြိမ်မှာတော့ အိမ်ခြေ ၁၀၀ လောက် မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။