အိုင်အက်စ် နောက်ဆုံးအမာခံမြေကို သိမ်းပိုက်နိုင်ပြီဟု ဆီးရီးယားတပ် ကြေညာ

အိုင်အက်စ်တွေရဲ့ ကာလီဖိတ်နိုင်ငံတော်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီလို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က မတ်လ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။ SDF မီဒီယာအဖွဲ့အကြီးအကဲ မူစတာဖာဘာလီက “ဘတ်ဟို့စ်ရွာဟာ လွတ်မြောက်ခဲ့ပြီ။ မိစ္ဆာဒိဌိတွေကို တိုက်ထုတ်ရာမှာ အောင်ပွဲရခဲ့ပြီ။” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ ဒီအတွက် တစ်ချိန်က အီရတ်နယ်မြေ သုံးပုံတစ်ပုံနဲ့ ဆီးရီးယားကို ခြေကုပ်ယူထားပြီး ၂၀၁၄ ခုနှစ်မှာ ကာလီဖိတ်နိုင်ငံတည်ထောင်တယ် ကြေညာတဲ့ အိုင်အက်စ်အဖွဲ့ရဲ့ နောက်ဆုံး အမာခံနယ်မြေကို သိမ်းပိုက်လိုက်တာပါ။ အဲဒီအဆောက်အဦ ခေါင်မိုးပေါ်မှာ SDF အလံကိုလွှင့်ထူပြီး အလံဘေးမှာ SDF တပ်ဖွဲ့ဝင်တွေ စုဝေးနေပုံကို ရွန်နာဟီရုပ်သံကနေ ပြသခဲ့ပါတယ်။ အမေရိကန် ကျောထောက်နောက်ခံပြု  SDF တပ်ဖွဲ့ဟာ အီရတ်နယ်စပ် ဘတ်ဟို့စ်ရွာကို သိမ်းပိုက်ဖို့ သီတင်းပတ်ချီပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ အခုလို့  ဘတ်ဟို့စ်ရွာက အိုင်အက်စ်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်း ကျသွားပေမယ့် အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပါ။ အိုင်အက်စ် တိုက်ခိုက်ရေး သမားတချို့ဟာ ဆီးရီးယားရဲ့  ဝေးလံတဲ့ ကန္တာရထဲမှာ ပုန်းခိုပြီး တဖန်ပြန်လည် ခေါင်းထောင်နိုင်မယ့် အခွင့်အလမ်းကို စောင့်ဆိုင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up