ထူးထူးဆန်းဆန်း ရဲအဖမ်းခံချင်သည့် အသက် ၁၀၄ နှစ်အရွယ် အဘွားအို

အသက်အရွယ်ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားကြီးတွေမှာ သူတို့အကောင်အထည် မဖော်နိုင်ခဲ့တဲ့ စိတ်ကူးအိမ်မက်ကိုယ်စီ ရှိတတ်ကြပါတယ်။ ဒီလိုပါပဲ အသက် ၁၀၄ နှစ်အရွယ် အဘွား အန်နီမှာလည်း သူဖြစ်ချင်တဲ့ အိမ်မက်တခုရှိပါတယ်။ အဲဒါကတော့ အဖမ်းခံချင်တာပါတဲ့။ ဘရစ္စတိုးမြို့မှာရှိတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတခုမှာ “Wishing Washing Line” လို့ ခေါ်တဲ့ အစီစဉ်တခုကို ပြုလုပ်ခဲ့ပြီး ဒီအစီစဉ်က ဂေဟာမှာရှိတဲ့ အစောင့်ရှောက်ခံ ဘိုးဘိုးဘွားဘွားတွေကို သူတို့ဖြစ်ချင်တဲ့ လျှို့ဝှက်ဆန္ဒတွေကို ပို့စ်ကတ်တခုမှာရေးပြီး အနီးအနားက စာတိုက်ပုံးတခုကို ပို့ဆောင်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဂေဟာမှာရှိတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေက ပါဝင်ဆင်နွှဲခဲ့ကြပြီး အားလုံးနီးပါးက ရိုးရိုက်ကား စီးကြည့်ချင်တယ်၊ မော်တော်ဆိုင်ကယ် ကလပ်တခုဆီ သွားလည်ချင်တယ်။ တစုံတယောက်နဲ့ စကားပြောချင်တယ်၊ အမွေးပွ ခွေးလေးတကောင်ကို ပွေ့ဖက်ထားချင်တယ်ဆိုတဲ့ ကြည်နူးစရာကောင်းတဲ့ လက်သင့်ခံနိုင်တဲ့ တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးနဲ့ မတူတာကတော့ ဘွားဘွားကြီး အန်နီ ဘရုတ်ကန်းဘရိုးပဲဖြစ်ပါတယ်။ အငြိမ်းစား ကိုယ်ရေးအရာရှိဟောင်း တဦးဖြစ်တဲ့ ဘွားဘွားကြီး အန်နီကလည်း သူ့ရဲ့ လျို့ဝှက်ဆန္ဒကို တခြားလူတွေလို ရေးသားခဲ့ပြီးတော့ သူ့ဆန္ဒက ဘဝမှာတခါမှ ဥပဒေကို မချိုးဖောက်ခဲ့ဖူးတာကြောင့် ရဲဖမ်းတာ ခံချင်တာပါတဲ့။ “ကျမရဲ့ ဆန္ဒကတော့ အဖမ်းခံချင်တာပါပဲ။ အခု အသက်က ၁၀၄ နှစ်ရှိပါပြီ၊ ဘဝမှာ တခါမှ ဥပဒေနဲ့ မဆန့်ကျင်ခဲ့ဖူးပါဘူး” လို့ အဘွား အန်နီက ရေးသားထားပါတယ်။ “Wishing Washing Line” အစီစဉ်ရဲ့ ရည်ရွယ်ချက်က အဘိုးအဘွားတွေရဲ့ လျှို့ဝှက်ဆန္ဒကို ဖတ်ကြည့်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပဲဖြစ်ပါတယ်။ ဒီအစီစဉ်ရဲ့တာဝန်ရှိသူတွေဟာ ဘွားဘွားကြီးရဲ့ဆန္ဒကိုတွေ့ရှိခဲ့ကြပြီး ဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့ ပြင်ဆင်နေကြပြီလို့ Daily Star သတင်းမှာ ဖော်ပြပါတယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဘွားဘွားကြီး အန်နီရဲ့ ဆန္ဒကို ပါဝင်ဖြည့်ဆည်းပေးဖို့ သဘောတူထားပြီး သူမကို လာမယ့်သီတင်းပတ်မှာ သူမဘဝရဲ့ ပထမဆုံးအကြိမ်အနေနဲ့ လာရောက်ဖမ်းဆီးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up