Home
မေးမြန်းခန်း
လိင်ကွဲပြားမှုဆိုင်ရာ ဥပဒေရေးရာ အမေးအဖြေ
DVB
·
March 23, 2019
လိင်တူအချင်းချင်း လက်ထပ်တာ ဥပဒေအရခွင့်ပြုသလား၊ လိင်ပြောင်းထားသူရဲ့ မှတ်ပုံတင်မှာ လိင်အမျိုးအစား ပြန်ပြောင်းလို့ ရနိုင်သလား စတာတွေအပါအ၀င် လိင်ကွဲပြားမှုဆိုင်ရာကိစ္စရပ်တွေ လူမှုကွန်ရက်ကနေ မေးမြန်းလာတာကို ဒီဗွီဘီသတင်းထောက် နေရီရီက ဦးကျော်ဇေယျ (ဥပဒေပညာရှင်၊ စာရေးဆရာ) နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဒီနှစ်တွေထဲမှာ မိန်းကလေးအချင်းချင်း လူသိရှင်ကြား ဧည့်ခံပွဲလုပ်ပြီး မင်္ဂလာဆောင်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ထဲရွာထဲမှာ၊ လူမှုကွန်ရက်တွေအပေါ်မှာ လူမှုရေးအရ အပြုသဘောနဲ့ ချဉ်းကပ်တာ တွေ့ရှိသလို ဓလေ့ထုံးစံအရ၊ ဘာသာရေးအရ၊ ဥပဒေကြောင်းအရ ဆန့်ကျင်ဘက်အမြင်နဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရပ်ရွာထဲမှာ လိင်တူအချင်းချင်း လက်ထပ်တာ တည်ဆဲဥပဒေတွေနဲ့ ညီညွတ် မှုရှိပါသလား။ ဖြေ - လိင်တူအချင်းချင်း လက်ထပ်တာက တည်ဆဲဥပဒေနဲ့ ညီညွတ်သလားလို့ သိချင်လို့မေးတာ။ သူက ထိမ်းမြားလက်ထပ်တာ နည်း ၃ နည်း ရှိတာပေါ့ကွယ်။ ဘာသာရေးဥပဒေအရ ထိမ်းမြားတာရှိမယ်။ ရိုးရာဓလေ့ဥပဒေအရ ထိမ်းမြားတာရှိမယ်။ ဥပဒေအရ ထိမ်းမြားတာရှိမယ်။ ပြီးတော့ လိင်တူချင်း လက်ထပ်တဲ့ကိစ္စကို ဘာသာရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကတော့ လက်မခံဘူး၊ လက်မခံတော့ အသိအမှတ်မပြုဘူးကွဲ့။ ဒီလိုပဲ ဓလေ့ထုံးထမ်း တွေမှာလည်းပဲ ရှိခဲ့တဲ့ ဓလေ့ထုံးလမ်းတွေက လိင်တူချင်းပေါင်းသင်းတာ၊ လက်ထပ်တာကို လက်မခံဘူး။ လက်မခံတဲ့အတွက် အသိအမှတ်မပြုဘူး။ ဒါဖြင့် ဥပဒေကော .. သိချင်လို့မေးတာ။ ဥပမာ ဆိုကြပါစို့ကွယ်။ ဆေးလိပ်မသောက်ရလို့ အမိန့်ထုတ်ထားတယ်။ ဆေးလိပ် သောက်ရင် ဥပဒေနဲ့ငြိ မလား၊ မငြိဘူးလို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမိန့်ထုတ်ထားလို့။ ဒါကြောင့်မို့ ဥပဒေမှာက လိင်တူချင်း ထိမ်းမြားလက်ထပ်ခြင်းမပြုရလို့ ဥပဒေမှာ ထုတ်ထားတာမရှိဘူး။ မရှိတော့ လိင်တူချင်း ထိမ်းမြား လက်ထက်တာက ဥပဒေနဲ့ညီသလားလို့ မေးရင် ပြောရခက်ပြီ။ သူက သတ်မှတ်ထားတာမရှိဘူးကိုး။ ဥပဒေက သတ်မှတ်ထားတာရှိလျက်နဲ့ သူက လုပ်တယ်ဆိုရင်တော့ ဥပဒေနဲ့မညီဘူးလို့ ပြောလို့ရတယ်။ ဒါဖြစ်ရင်ကော ဥပဒနဲ့ညီသလား မေးပြန်ကော။ ဥပဒေနဲ့ ညီသလားဆိုရင်တော့ စောစောက ပြောတဲ့ ဘာသာရေး ဥပဒေအရဆိုရင်တော့ မညီဘူး။ ဓလေ့ထုံးလမ်းတွေ အရလည်းမညီဘူး။ ဒီလိုပဲ ဖြေရပါလိမ့်မယ်ကွယ်။ မေး - ကျနော့်အမျိုးသမီးဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က လိင်တူချစ်သူတယောက်နဲ့ လိုက်ပြေးသွားပါတယ်။ သူ့အဖော် လိင်တူချစ်သူကို တရားစွဲလို့ ရမရ သိလိုပါတယ်။ ဖြေ - ဦးတို့လည်း တချိန်က ကြုံဖူးတယ်ကွယ့်။ အမျိုးသားတဦးက လာပြီးတိုင်ပင်တာပေါ့။ သူ့ဇနီးကို တယောက်က ခိုးပြေးသွားလို့တဲ့။ ခိုးပြေးရင် ပေါင်းနေတာလား၊ ပေါင်းနေတယ်ဆိုရင် တရားစွဲပေါ့။ မယားခိုးမှု ဒါ Adultery ဖြစ်တာပဲလေ။ သူ့က ပြောတယ်။ မဟုတ်ဘူးဆရာတဲ့။ ခိုးပြေးသွားတဲ့သူက ယောကျာ်းစိတ်ပေါက်နေတဲ့ မိန်းကလေးဖြစ်နေတယ်။ ဒါအရေးယူလို့ရသလား သိချင်းလို့မေးတာပေါ့။ အဲဒီတုန်းက ပြန်ကြည့်လိုက်တဲ့အခါကျတော့ အမျိုးသမီးကို အမျိုးသမီးက ခိုးပြေးသွားတာကွယ့်။ ခိုးပြေးသွားတာဆိုတော့ ဒါ Adultery မြောက်မမြောက် တချက် စဉ်းစားရတာပေါ့။ Adultery မှာက ဘာပြောထားသလဲဆိုရင် မုဒိမ်းမှုမမြောက်တဲ့ ကာမစပ်ယှက်မှုကိုး။ ဒီအမျိုးသားက အမျိုးသမီးနဲ့ မုဒိမ်းမှုမမြောက်တဲ့ စပ်ယှက်မှုကို ပြုလို့ရှိရင် (Adultery) မြောက်တယ်လို့ ပြောတယ်။ ဆိုတော့ သူ့က ဒီမှာ ဘာပါသလဲဆိုတော့ Male နဲ့ Female ပါလာတယ်။ ဒါကြောင့် Male နဲ့ female ပါလာတဲ့အတွက Adultery မမြောက်တော့ဘူး။ ဒါကြောင့် မယားခိုးမှုနဲ့ စွဲလို့မရဘူး။ မရဘူးဆိုတော့ နောက်တခု ထပ်စဉ်းစားရတာပေါ့။ နောက်တခုဘာ ဆက်စဉ်းစားရသလဲဆိုတော့ ၃၇၇။ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ဒီဥစ္စာက ရာဇဝတ်မှုလား ..တခါ စဉ်းစားရတယ်။ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဟုတ်မ ဟုတ်ဆိုတာကတော့ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ ဓမ္မတာနဲ့ ဆန်ကျင့်တဲ့ကိစ္စကို မိမိ အလိုအလျောက် ဒီဥစ္စာလုပ်ဆောင်မယ်ဆိုလို့ရှိရင် Unnatural Offences (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုအတွက်ပြစ်မှု) ဖြစ်တာပေါ့ကွယ်။ အဲတော့ ရှင်းလင်းချက်မှာ ဘာပါလဲဆိုလို့ရှိရင် Organ တခုက အခြား Organ တခုတည်းကို သွင်းဝင်ခဲ့မိလို့ရှိရင် ဒီဥစ္စာ Offend မြောက်တယ်ပေါ။ ဆိုတော့ အမျိုးသမီးအချင်းချင်းကတော့ မဖြစ်နိုင်ပြန်ဘူး။ မဖြစ်နိုင်တဲ့ အတွက် ၃၇၇ မမြောက်ဘူး။ Adultery (ကာမပိုင်ရှိသူနှင့်ဖောက်ပြန်မှု)  မမြောက်ဘူး။ ၃၇၇ မမြောက်ဘူး။ ဒါဖြစ်ရင် ဘာမြောက်သေးလဲ တချက်စဉ်းစားရမယ်။ ဥပဒေရှာတဲ့အခါကျတော့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သွားတွေ့ပြန်ကော။ အဲဒီဥပဒေ ပုဒ်မ-၁၂ မှာ ဘာဆိုထားပြန်လည်းဆိုတော့ ဘာသာရေးအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရ ဖြစ်စေ၊ ဥပဒေအရဖြစ်စေ တရားဝင်ထိမ်းမြားလက်ထပ်ထားတဲ့ လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် တည်မြဲခိုင်မာနေတုန်းမှာ နောက်ထပ် အိမ်ထောင်ပြုမယ်ဆိုရင် (သို့မဟုတ်) ဘာခံထားသေးလည်း ဆိုရင် လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်းတယ်ရယ်လို့ သူ့က ဒီလိုဖွင့်ဆိုထားတယ်။ ဒီနေရာမှာ တရားမဝင် အကြင်လင်မယားအဖြစ် နေထိုင်ပေါင်းတယ်ဆိုတော့ သူက ကွန်ဗာဇေးရှင်း မပါဘူး။ စပ်ယှက်တယ်ဆိုတဲ့ ကိစ္စကို ဖော်ပြထားတာမတွေ့ရဘူး။ သူက ဘာကို ဖော်ပြထားလည်း behavior ကို ဖော်ပြထားတယ်။ အပြုအမူကို ဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ မိန်းကလေးတယောက်ကို နောက်မိန်းကလေးတယောက်က ခိုးယူသွားတဲ့ကိစ္စဟာ လင်မယားအဖြစ် တရားမဝင် ပေါင်းသင်းနေထိုင်ဖို့ဆိုတဲ့ ဒီအပြုအမူထဲမှာ အကြုံးဝင်သလား။ ဒါကိုအကဲခတ်ရင်၊ ဒါကတော့ ရပ်ရွာက အကဲခတ်ရင်လည်း သိနိုင်တာပေါ့။ အဲဒီလိုအကဲခတ်လို့ရှိရင် အဲဒီ Behavior နဲ့သွားပြီးတော့ ငြိမယ်ဆိုလို့ရှိရင် တလင်တမယား ဥပဒေနဲ့ ငြိနိုင်တယ်လို့။ ဒါကတော့ ဦးရဲ့အယူအဆပေါ့။ ဦးက အဲဒီလို သတ်မှတ်တယ်။ ဒါကြောင့်မို့ Adultery (ကာမပိုင်ရှိသူနှင့်ဖောက်ပြန်မှု) မမြောက်ဘူး။ ဒါပေမယ့် တလင်တမယားစနစ်နဲတော့ ဖြစ်ရင်ငြိစွန်းနိုင်တယ်လို့ ဦးရဲ့အယူအဆကို ဖြေကြားချင်ပါတယ်။ မေး - ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ လိင်အဂါင်္ခွဲစိတ်ပြောင်းလဲတဲ့ကိစ္စတွေ အတော်လေး ခေတ်စားလာတာကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံကနေ အခြားနိုင်ငံမှာ လိင်ပြောင်းတဲ့ သူတယောက်ဟာ သူ့ရဲ့ မူလမွေးစာရင်းနဲ့ မှတ်ပုံတင်မှာ အမျိုးသားဖြစ်နေပေမယ့် လိင်အရ အမျိုးသမီးလို ဖြစ်သွားတဲ့အတွက်  မှတ်ပုံတင်ရုံးမှာ လိင် အမျိုးအစားပြန်ပြောင်းလို့ ရနိုင်ပါသလား ။ နိုင်ငံကူးလက်မှတ် လျှောက်ထားရင်ကော ရနိုင်ပါ့မလား။ ဖြေ - လတ်တလောကမ္ဘာမှာ ဖြစ်နေတာလေးပြောပြမယ်။ လာမယ့် မတ်လ ၂၉၊ ၂၀၁၉ မှာ ထိုင်းနိုင်ငံရွေးကောက်ပွဲ လုပ်တော့မယ်။ အဲမှာ “မဟာချွန်ပါတီ”ကနေ “ပေါလင်းနာပရင်”ဆိုတဲ့ အသက် ၅၂၊ ကလေး ၂ ယောက် ဖခင်က ဝန်ကြီးချုပ် ရာထူးမှာ ဝင်ပြိုင်မယ်။ သူက အန်ဂျီပိဒီ (LGBT)။ လိင်တူချစ်သူတွေ၊ ပြည့်တန်ဆာတွေရဲ့ ထောက်ခံမူကိုယူမှာပေါ့။ တကယ်လို့ သူဟာရွေးကောက်ပွဲနိုင်ပြီး ဝန်ကြီးချုပ်ဖြစ်သွားပြီဆိုရင် အန်ဂျီပိဒီ (LGBT) နဲ့ ပတ်သက်တဲ့ ဥပဒေကို သူပြဋ္ဌာန်းလာနိုင်ပါတယ်။ ဒီမိုကရေစီဆိုတဲ့သဘောက အများဆန္ဒသဘောလေ၊ အများ လက်ခံရင် ဥပဒေအဖြစ်ပြုလို့ရတယ်။ ဥပဒေဖြစ်သွားပြီဆိုရင် ခုနကပြောတဲ့ မှတ်ပုံတင်မှာ ဘာပဲဖြစ်နေဖြစ်နေ လိင်ကိုပြောင်းလို့ရတာပေါ့။ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ဘာပဲဖြစ်ဖြစ် ဥပဒေပြု ပြီးသွားရင် ပြောင်းလို့ရပြီ။ ဥပဒေ မပြုရသေးရင်တော့ ပြောင်းလိုမရသေးပါဘူးလို့ပဲ ဖြေကြားချင်ပါတယ်။ မေး - လိင်တူအမျိုးသမီးအချင်းချင်း တရားရုံးမှာ လက်မှတ်ရေးထိုးပြီး လက်ထပ်စာချုပ်ချုပ် လို့ရပါသလား။ မရဘူးဆိုရင်လည်း ဥပဒေအရ တားမြစ်ထားတာ ရှိမရှိ ဆိုတာသိလိုပါတယ် ။ ဖြေ - ဥပဒေက တားမြစ်ထားတာမရှိသလို ခွင့်ပြုထားတာလည်း မရှိပါဘူး။ အမေရိကန်မှာတော့ ခွင့်ပြုလိုက်ပါပြီ။ အိန္ဒိယမှာလည်းပြဿနာဖြစ်နေတယ်။ ဂျပန်မှာတော့ လိင်တူချစ်သူစုံတွဲ ၁၃ တွဲက နိုင်ငံတော်အစိုးရကို တရားစွဲတယ်။   စွဲတဲ့အကြောင်းအရာကတော့ သူတို့ရဲ့ဖွဲစည်းပုံမှာ နိုင်ငံသားအားလုံး တန်းတူအခွင့်အရေး ရှိတယ်လို့ပါတယ်။ ဒါပေမယ့် လိင်တူချစ်သူ သူတို့ပေါင်းထားတယ်။ ဂျပန်မှာ ဘယ်လောက်တောင့် ခွင့်ပြုထား သလဲဆိုရင် ဂျပန်ရဲ့ နယ်မြေ ၁၀ ခုမှာ အခန်းတွေ ငှားရမ်းပိုင်ခွင့် ပေးထားတယ်။ ဒါပေမယ့် ထိမ်းမြားလက်ထပ်တဲ့ အခွင့်အရေးမရသေးဘူး။ အဲဒီစုံတွဲတွေက နယ်မြေ ၆ ခု အစိုးရကို အသီးသီးတရားစွဲကြတယ်။  လူတိုင်းက ကိုယ်ပိုင်အခွင့်အရေးရှိတယ်၊ ပေါင်းသင်းနိုင်တယ်၊ မကျန်းမမာဖြစ်ရင် စောင့်ရှောက်နိုင်တယ်။ ဒါပေမယ့် သူတို့က အတူသာနေတာ အမွေဆက်ခံခွင့်မရကြပါဘူး။ မွေဆက်ခံခွင့်ရဖို့က တရားဝင်ပေါင်းသင်းဖို့ လိုအပ်တယ်။ တရားဝင်ပေါင်းသင်းဖို့ကို ဥပဒေပြုပေးဖို့အတွက် တိုက်ပွဲဝင်တာပါ။ ဒါနဲ့ပတ်သက်လို့ “ဟီဒါဆာဝါ” ဆိုတဲ့အမတ်က နိုင်ငံမှာ လိင်တူ ပေါင်းသင်းသူတွေများမယ်ဆိုရင်  လူမျိုးနဲ့နိုင်ငံဟာ ပျောက်ဆုံးသွားနိုင်တယ်လို့ သတိပေးထား ပါတယ်။ ဘာပဲဖြစ်ဖြစ် လိင်တူအခွင့်အရေးကို တောင်းဆိုသူတွေ၊ ထောက်ခံသူတွေများလာရင်၊ နောက် လူထုကလည်း ထောက်ခံလာရင် ဥပဒေဖြစ်လာမှာပေါ့။ ဥပဒေဖြစ်ရင် တရားဝင် လက်ထပ်လို့ရပြီ။ ဒီနိုင်ငံမှာ ဒီလိုဖြစ်ချင်ရင် လူအများလက်ခံနိုင်အောင် တောင်းဆိုရမှာပေါ့။ အများက လက်ခံရင်တော့  ရနိုင်ပါတယ်လို့ပဲ ဖြေကြားချင်ပါ တယ်။ မေး - ကျနော်က သားအကြီးဆုံးဖြစ်ပြီး LGBT တယောက်ပါ။  ညီမတယောက်လည်း ရှိပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ ကာလမှာ လိင်ပြောင်းခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်ပြီး နှစ်နှစ်လောက်မှာ အမေဆုံးပါတယ်။ အခုဆိုရင် အမေဆုံးတာ ၅ နှစ်ရှိပါပြီ။ လတ်တလောမှာ အဖေက နောက်အိမ်ထောင်ပြု တော့မှာဖြစ်တဲ့အတွက် အဖေဆီက အမွေတောင်းလို့ ရနိုင်ပါသလား။ သြရသအခွင့်အရေး ရပါ့မလားဆိုတာ ကိုသိလိုပါတယ်။ ဖြေ - LGBT အကြောင်းကို ခဏမေ့ထားလိုက်။ အမေဆုံးသွားတော့ သူက သားယောက်ျားလေးမဖြစ်တဲ့အတွက် သြရသ မဖြစ်နိုင်ဘူး။ သူဖာသာသူ LGBT ဖြစ်ပြီး မိန်းကလေးဖြစ်ပြီးတော့ ဒါက သြရသအခွင့်အရေးပါဆိုပြီး နိုင်ငံတော်မှာတောင်းလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားဝင်ခွင့်ပြုချက်မရသေးဘူး၊ သူရဲ့ မှတ်ပုံတင်မှာက ယောကျာ်းလေး ပဲဖြစ်နေတယ်။ ဒါကြောင့် မိခင်ဆိုရင် သမီးက အကြီးဆုံး ၁၈ နှစ်ပြည့်ရင် သြရသသမီး ဖြစ်မှာပေါ့။ သူက ယောက်ျားလေးဖြစ်နေတဲ့အတွက် သြရသ မဖြစ်ပါဘူး။ မဖြစ်ပေမယ့် ရနိုင်တဲ့ အခွင့်အရေးကတော့ (အဖေက နောက်အိမ်ထောင်ပြုတော့မှာဆိုတော့ အမေကပါလာတဲ့ပစ္စည်း)    အထက် အိမ်ထောင်က ပါတဲ့ပစ္စည်းဖြစ်တဲ့အတွက် အထက်အိမ်ထောင်ကပစ္စည်းရဲ့အခွင့်အရေးကို တောင်းပါလို့ပဲ ဖြေကြားချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024