Home
မြန်မာသတင်း
ဧပြီ ၁ ရက်မှစပြီး ဆင်းမ်ကတ် ၂ ခုသာ ၀ယ်ခွင့်ရှိတော့မည်
DVB
·
March 23, 2019
လာမယ့် ဧပြီ ၁ ရက်ကစပြီး တယ်လီဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ခွင့်ရှိတဲ့ ကတ်ပြားတခုနဲ့ ဆင်မ်းကတ် ၂ ခုကိုပဲ ဝယ်ခွင့်ရှိတော့မယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားတွေအတွက် ပတ်စ်ပို့ တခုနဲ့ ဖုန်းဆင်မ်းကတ် ၂ ခုပဲ ဝယ်လို့ရအောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်း ဆင်းမ်ကတ် ဝယ်ယူမှတ်ပုံတင်တာတွေနဲ့ ပတ်သက်လို့ ဆင်းမ်ကတ် ၂ ခုထက်ပိုပြီး မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် အသစ်တွေကို ပိတ်သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းကိုအသုံးပြုပြီး ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်တာတွေ ပိုတိုးတက်လာတာနဲ့အမျှ လုံခြုံစိတ်ချပြီး ဆောင်ရွက်နိုင်ဖို့၊ အများပြည်သူလုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့၊ ဆင်းမ်ကတ်ပျက်စီး၊ ပျောက်ဆုံးတာတွေဖြစ်ရင် အလွယ်တကူ ပြန်လည်ရရှိဖို့အတွက် ဆင်းမ်ကတ်တွေ မှတ်ပုံတင်တာကို ၂၀၁၆ ခုနှစ် သြဂုတ်လက စပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ဖော်ပြပါတယ်။ အခုအခါ နိုင်ငံသားစိစစ်ရေး ကတ်ပြားတခုတည်းနဲ့ ဆင်းမ်ကတ်အများကြီးကို မှတ်ပုံတင်ပြီး တခြားသူတွေကို တဆင့်ပြန်ရောင်းတာ၊ ကိုယ့်နာမည်နဲ့ မဟုတ်တဲ့ ဆင်းမ်ပတ်တွေကို ဈေးကွက်မှာ အလွယ်တကူဝယ်လို့ရနေတာကြောင့် နိုင်ငံတော် အစိုးရက မိုဘိုင်းလ်ဖုန်းသုံးတာနဲ့ ပတ်သက်ပြီး အများပြည်သူ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဖုန်း ဆင်းမ်ကတ် သုံးသူတွေအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှန်နဲ့ပဲ သုံးဖို့၊ ကိုယ့်နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နဲ့ တခြားသူတွေ မသုံးဖို့ အရေးကြီးပြီး အဲဒီလို သုံးစွဲနေတယ်ဆိုရင် သက်ဆိုင်ရာ သက်ဆိုင်ရာဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ချိတ်ဆက်ပြီး မှတ်ပုံတင်ကြဖို့ လိုတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။ ဆင်းမ်ကတ်တွေ မှတ်ပုံတင်မယ်ဆိုရင် သုံးစွဲသူရဲ့အမည် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားတွေအတွက် ပတ်စ်ပို့ ကတ်ပြားတွေရဲ့ မူရင်းနဲ့ မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်) လူမျိုး/ နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ လိုအပ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024