ဂိုလန်ကုန်းမြင့်နှင့်ပတ်သက်၍ အစ္စရေးအချုပ်အခြာအာဏာ အသိအမှတ်ပြုရန် သမ္မတထရမ့်ပြော

ဂိုလန်ကုန်းမြင့်အပေါ်မှာ အစ္စရေး အချုပ်အခြာအာဏာတည်ရှိတာကို အသိမှတ်ပြုဖို့ အချိန်တန်ပြီလို့ အမေရိကန်သမ္မတ ထရမ့်က မတ်လ ၂၁ ရက်နေ့မှာ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကလည်း သမ္မတထရမ့်ရဲ့ ဂိုလန်ကုန်းမြင့် ပြောကြားချက်ဟာ  “သမိုင်းတွင်ရစ်တယ်” လို့ ပြောလိုက်ပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေး သိမ်းပိုက်ခဲ့တဲ့ ဂိုလန်ကုန်းမြင့်ကို အသိမှတ်ပြုတာဟာ အမေရိကန်မူဝါဒပိုင်းမှာ ကြီးမားတဲ့ အရွေ့ကို ဖြစ်စေမှာပါ။ ဒါဟာ အစ္စရေးဝန်ကြီးချုပ် ရာထူးပြန်လည်အရွေးခံဖို့ ကြိုးပမ်းနေတဲ့ နေတန်ညာဟု အတွက်လည်း တွန်းအားတရပ် ဖြစ်ပါတယ်။ ဂိုလန်ကုန်းမြင့်နဲ့ ပတ်သက်ပြီး အစ္စရေး အချုပ်အခြာအာဏာကို အသိမှတ်ပြုဖို့ နေတန်ညာဟုက အမေရိကန်ကို ဖိအားပေးနေခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီက အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ ပထမဆုံး တွေ့ဆုံချိန်မှာ အသိမှတ်ပြုပေးဖို့ အလားအလာ ပေါ်ပေါက်ခဲ့တာပါ။ သမ္မတ ထရမ့်ရဲ့ အခုပြောကြားချက်ဟာ ဧပြီလ ၉ ရက်နေ့ ရွေးကောက်ပွဲဝင်ရောက်မယ့် နေတန်ညာဟုကို အပေါ်လွင်ဆုံး ကူညီလိုက်တာပဲဖြစ်ပါတယ်။ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေနဲ့ လုံးပန်းနေတဲ့ နေတန်ညာဟုဟာ လာမယ့် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အခြေအနေ  ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up