အမေရိကန်သမ္မတရွေးကောက်ပွဲကိစ္စ စုံစမ်းရေး အစီရင်ခံစာ ရှေ့နေချုပ်ထံ ပေးပို့

778
၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းထားတဲ့ အစီရင်ခံစာကို ရောဘတ်မူလာက အမေရိကန် ရှေ့နေချုပ်ထံ ပေးပို့ခဲ့တယ်လို့ တရားရေးဌာနက မတ် ၂၂ ရက်နေ့မှာ ပြောကြားပါတယ်။
အဲဒီ အစီရင်ခံစာကို ချက်ချင်းထုတ်ဖော် မပြောကြားဘဲ ရှေ့နေချုပ် ၀ီလီယံဘားက ဘယ်လောက် အတိုင်းအတာ ဖွင့်ချမလဲဆိုတာကို ဆုံးဖြတ်မှာပါ။
ဒီအစီရင်ခံစာမှာ ထရမ့်ရဲ့လက်ထောက် အများအပြားအပေါ် တင်ထားတဲ့ စွဲချက်တွေအပြင် ထရမ့် ဒါမှမဟုတ် သူရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြစ်မှုကျူးလွန်တာကို အထူးစုံစမ်းရေးမှူး မူလာ တွေ့ရှိခဲ့လားဆိုတာ မသိရပါဘူး။
အထူးစုံစမ်းရေးမှူး မူလာက ဒီစုံစမ်းရေးကို ၂၀၁၇ ခုနှစ်ကတည်းကစလို့ ဦးဆောင်ခဲ့တာပါ။
မူလာက ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့် မဲဆွယ်စည်းရုံးရေးအဖွဲ့က ရုရှားနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ခဲ့သလားဆိုတာနဲ့ သူ့ရဲ့ စုံစမ်းရေးကို သမ္မတ ထရမ့်က တားဆီးသလားဆိုတာကို စုံစမ်းခဲ့တာဖြစ်ပါတယ်။
သမ္မတ ထရမ့်ကတော့ ရုရှားနဲ့ ပူးပေါင်းတယ်ဆိုတာကိုရော စုံစမ်းရေး တားဆီး တယ်ဆိုတာကိုပါ ငြင်းဆိုထားပါတယ်။