Home
မြန်မာသတင်း
မိတ္ထီလာ၌ မူးယစ်တရားခံတဦးထွက်ပြေးပြီး အသင့်စောင့်နေသည့် ကားပေါ်တက်စဉ် ပြန်ဖမ်းမိ
DVB
·
March 22, 2019
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်တရားရုံးမှာ မတ်လ ၂၁ ရက် နေ့လယ်က မူးယစ်တရားခံတဦး ထွက်ပြေးပြီး အသင့်စောင့်နေတဲ့ ကားပေါ်တက်ပြေးစဉ် ပြန်ဖမ်းမိခဲ့တယ်လို့ ခရိုင်ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ခရိုင်ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲအရာရှိတဦးက “ရုံးထုတ် စစ်ဆေးပြီး တရားရုံးအချုပ်မှ မိတ္ထီလာအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ဖို့ အချုပ်တရားခံ အမျိုးသား ၂၀ဦးနဲ့ အမျိုးသမီး ၄ဦးတို့ကို နှစ်ယောက်တတွဲ လက်ထိပ်သံကြိုးချည်နောင်ထားရာက မျိုးခိုင်ဇော်(ခ) မျိုးခန့်ဇော်(၄၂နှစ်)ဟာ ရုန်းကန်ဆောင့်ဖြုတ် ထွက်ပြေးခဲ့ပြီး   တရားရုံးရှေ့ လမ်းပေါ်မှာ အသင့် ရပ်ထားတဲ့ ခဲရောင်မတ်တူးကားနောက်ခန်းဆီ ပြေးဝင်သွားတုန်း ရဲတပ်ဖွဲ့ဝင်တွေက လုံးထွေးပြီး ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။”လို့ ပြောပါတယ်။ တရားခံ မျိုးခိုင်ဇော်ဟာ ၂၀၁၈ခုနှစ်တုန်းက သာစည်မြို့နယ်မှာ မူးယစ်မှုနဲ့ ဖမ်းခဲ့တာ ဖြစ်ပြီး မနေ့ကရုံးချိန်းက ၁၀ချိန်းမြောက် ရုံးချိန်းမှာ အခင်းဖြစ်ပွားခဲ့တာပါ။ မိတ္ထီလာဒေသခံ ကိုခင်မောင်က "လူတွေကြားထဲက ထွက်ပြေးတာ ရဲသားတွေမှာ ဘာမှ မစဉ်းစားနိုင်ဖူး ချက်ချင်းဝင်လုံးကြတာပဲ အဲလိုကြောင့်လည်း ပြန်မိတာပေါ့။ နယ်စခန်းတွေက ရဲတွေကို စာနာမိတယ်" လို့ ပြောပါတယ်။ ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ မတ်တူးကားမောင်းသူ ကိုကြည်ခိုင် (၄၇နှစ်)၊ ရန်ကင်းမြို့နယ်နေ သားငယ် (၄၅နှစ်)နဲ့ မျိုးခိုင်ဇော်(ခ)မျိုးခန့်ဇော်တို့ ၃ဦးကို ဥပဒေနဲ့ အညီ ဖမ်းဆီးထားရာက ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄/၂၂၅ နဲ့ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024