ဘရာဇီးသမ္မတဟောင်း မီရှယ်တမ်မာအား အဂတိလိုက်စားမှုစွဲချက်ဖြင့် ဖမ်းဆီး

785
ဘရာဇီးသမ္မတဟောင်း မီရှယ်တမ်မာဟာ မတ်လ ၂၁ ရက်နေ့က အဖမ်းခံရပြီး အဲဒါဟာ ခြစားမှုတိုက်ဖျက်ရေးရဲ့ စုံစမ်းရေး တစိတ်တဒေသဖြစ်တယ်လို့ အမှုမှာပါဝင်တဲ့ သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီနောက် သမ္မတဟောင်း တမ်မာကို ဂွါရူရုလေဆိပ်ရဲစခန်းမှာ စစ်မေးပြီးနောက် ရီယိုဒီဂျနေးရိုးမြို့ကို ပို့ဆောင်ခဲ့ပါတယ်။
သမ္မတဟောင်း တမ်မာကို နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှာ အဂတိလိုက်စားမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
တမ်မာဟာ အင်ဂရာ နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်တဲ့ စီမံကိန်း တစိတ်တဒေသအဖြစ် ရန်ပုံငွေ ရီရယ် ၁ ဒသမ ၈ ဘီလျံ တလွဲအသုံးပြုတဲ့ “ရာဇဝတ်ဂိုဏ်း” ကို ဦးဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပါတယ်။
ဘရာဇီး "Car Wash" စုံစမ်းရေးဟာ ကမ္ဘာ့အကြီးဆုံး အဂတိလိုက်စားမှုကြီးလို့ အမေရိကန် အစိုးရရှေ့နေတွေ နာမည်တပ်ထားတဲ့ အရှုပ်တော်ပုံကြီးကို ဖော်ထုတ်လိုက်ပြီး အဲဒီမှာ ရေနံကုမ္ပဏီ လာဘ်ထိုးမှုက အစပြုလို့ တခြားကဏ္ဍတွေနဲ့ အများပြည်သူဆိုင်ရာ လုပ်ငန်းတွေအထိ အဂတိလိုက်စားမှု ပျံ့နှံ့နေပါတယ်။