Home
မြန်မာသတင်း
မဲစာရင်းမပါရင် ကာယကံရှင်ကိုယ်တိုင်ပြန်လျှောက်ရန် ကော်မရှင်တိုက်တွန်း
DVB
·
March 22, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် မဲစာရင်းမပါလို့ မဲဆန္ဒရှင်ကိုယ်စား ပါတီက ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက မဲစာရင်းမှာထည့်ပေးဖို့ ပြောဆိုတာတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ စည်ပင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၅ ရက်အထိ တကြိမ်၊ မတ် ၁၅ ရက်ကနေ ၂၁ ရက်အထိတကြိမ် ကြေညာခဲ့ပြီး မဲစာရင်းမှာ မပါတာ၊ မှားယွင်းတာတွေကို ပြန်လျှောက်ဖို့ ကော်မရှင်က ကြေညာထားပါတယ်။ မဲစာရင်း ပြန်လျှောက်ရင် ကာယကံရှင်ကိုယ်တိုင်လျှောက်ရမှာ ဖြစ်ပေမယ့် တချို့ ရပ်ကျေးတွေမှာ ကိုယ်စားလှယ်လောင်းက မဲဆန္ဒရှင်ကိုယ်စား မဲစာရင်းမှာ ထည့်ပေးဖို့ လာပြောတာတွေရှိပြီး ဒါဟာ ဥပဒေနဲ့မညီတဲ့အတွက် ကော်မရှင်က ဆောင်ရွက်ပေးလို့ မရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်းအချို့ ဓာတ်တိုင်တွေ၊ သစ်ပင်တွေမှာ ဆိုင်းဘုတ်တွေ ကပ်တာတွေကြောင့် အများပြည်သူ အနှောင့်အယှက်ဖြစ်တဲ့အပေါ်လည်း ကော်မရှင်ဥက္ကဋ္ဌက အခုလို ပြောပါတယ်။ “တချို့ ခန်းခန်းနားနား ဘေဘုတ်ကြီးတွေ ထောင်ပြီးတော့ မဲဆွယ်စည်းရုံးတယ်။ ဓာတ်ပုံတွေနဲ့ လိုဂိုတွေနဲ့။ မဲဆွယ်စည်းရုံးတဲ့ ဓာတ်ပုံဆိုလည်း အကြီးကြီးတွေနဲ့ စည်းရုံးတဲ့သူ ရှိသလို ဒီအေဖိုးဆိုဒ် လောက်လေးတွေနဲ့ ဓာတ်တိုင်တို့၊ သစ်ပင်တို့မှာ ကပ်တဲ့အတွက် ဒါက သူ့ရဲ့ အဆင့်အတန်းပဲလေ။ ပြည်သူလူထုက အဲဒီလူကို ကြိုက်ရင် ပေးပေါ့။ ကျနော်တို့က မကပ်ပါနဲ့လို့ မပြောပါဘူး၊ မကပ်ပါနဲ့လို့လည်း မတားပါဘူး။” ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖေဖော်ဝါရီ ၂၈ ရက် ကနေ မတ်လ ၂၉ ရက်နေ့ အထိ မဲဆွယ်ခွင့်ပြုထားပါတယ်။။ ကိုယ်စားလှယ်လောင်းတွေကို ကိုယ်ပိုင် အမှတ်တံဆိပ်၊ ပါတီ တံဆိပ်တွေ အသုံးပြုခွင့် ပေးထားပြီး မြို့နယ်အလိုက် မဲဆွယ်တာတွေကိုလဲ အချိန်အလိုက် ရပ်ကွက်တွေကို ခွဲခြားပြီး ကိုယ်စားလှယ်လောင်းတွေ တနေရာတည်းမှာ ထိပ်တိုက်မဖြစ်အောင် စီစဉ်ပေးထားတယ်လို့ ကော်မရှင်က ပြောပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲပေးပွဲမကျင်းပခင်တရက်အလို မတ်လ ၃၀ ရက်နေ့မှာ မဲဆွယ်ဆိုင်းဘုတ်တွေ အားလုံးကို  ပြန်လည်ဖြုတ်သိမ်းရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024