ထိုင်းရွေးကောက်ပွဲအပေါ် ပြည်သူအချို့၏ အမြင်

ဓာတ်ပုံ - AFP
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို လာမယ့် မတ်လ ၂၄ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ထိုင်းပြည်သူတချို့က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေကို ပြောပြကြပါတယ်။ ဘန်ကောက်မြို့မှာ ဆံသဆိုင်ဖွင့်ထားတဲ့ ဝန်လော့ချန်းချန်း ဆိုသူက သူ့ဆံသဆိုင်မှာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ ပုံတူပန်းချီကို ချိတ်ဆွဲထားပါတယ်။ ထိုင်းဘုရင်စနစ်ကို ထောက်ခံသူ ဝန်လော့ချန်းချန်းဟာ လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုပဲ အနိုင်ရစေချင်တယ်လို့ ပြောပါတယ်။ “ကျနော့်အမြင်တော့ ပရာယွတ်က အာဏာသိမ်းပေမယ်လို့ အာဏာရှင်မဟုတ်ပါဘူး။ သူက လူတဦးတယောက်မှ မသတ်သလို ပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးပါတယ်။ သူက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်တယ်။ ဒါကြောင့်ပဲ သူအာဏာသိမ်းခဲ့တာ။ ခြုံပြောရရင် သူက ဘုရင်စနစ်ကို လိုလားတယ်။ တန်ဖိုးထားတယ်။” ပရာယွတ်ရဲ့ ပါလန်ပရာချာလက်ပါတီဟာ အာဏာသိမ်းအစိုးရ ရေးဆွဲတဲ့ ရွေးကောက်ပွဲ စည်းမျဥ်းသစ်တွေအရ အသာစီးရနေပါတယ်။ သူတို့ဟာ ဘုရင်စနစ်အပေါ် သစ္စာခံတဲ့ အစဉ်အလာ စံနှုန်းတွေကို လိုက်နာပြီး အားကောင်းတဲ့ မဲဆွယ်ပွဲတွေ လုပ်ဆောင်နေပါတယ်။ ယာဉ်ကြောကျပ်တည်းလွန်းတဲ့ ဘန်ကောက်မြို့လယ်မှာ ခရီးသည်တွေကို ဝန်ဆောင်မှု ပေးနေတဲ့ ဆိုင်ကယ်ကယ်ရီသမား ကာဆမ်ဖိုင်နမ်ရဲ့ ဇာတိက ရှပ်နီပါတီ အမာခံနယ်မြေ ဘူရီရမ်ခရိုင်ပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားပြီးနောက် သူဟာလည်း ဝမ်းရေးအတွက် ဆောက်လုပ်ရေးလုပ်သား ဘဝကနေ ဆိုင်ကယ်ကယ်ရီသမားဘဝကို ပြောင်းခဲ့ပါတယ်။ ကာဆမ်ဖိုင်နမ်က “ကျနော်ကတော့ အရာရာကို ကောင်းမွန်စေချင်တယ်။ အပြန်အလှန် ထိန်းကျောင်းမှုစနစ်ရှိတဲ့ အစိုးရကို လိုလားပါတယ်။ ရွေးကောက်ပွဲပြီးရင် အေးချမ်းပြီး စည်းလုံးညီညွတ်တဲ့နိုင်ငံကို မြင်တွေ့ချင်တာပေါ့ဗျာ။ ဒီနေ့ခေတ် နိုင်ငံရေးက သူများအကြိုက် လိုက်လုပ်နေတာ။ မှန်မှန်ကန်ကန် မလုပ်ကြဘူး။ ကျနော်ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို မျှော်လင့်တယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။ လာမယ့် မတ်လ ၂၄ ရက် ထိုင်းရွေးကောက်ပွဲဟာ အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ပါတီနဲ့ သက်ဆင်အပေါ် သစ္စာခံတဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်ချုပ်ရေး လွှမ်းမိုးတာကို မလိုလားတဲ့ ပါတီတွေအကြား အားပြိုင်ရမယ့် နိုင်ငံရေးပြိုင်ပွဲတခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up