A d v e r t i s e m e n t With Us

မြိတ်မြို့တွင် လူနေအိမ်နှင့်ကားများ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ နေအိမ်တိုက်တာနဲ့ အိမ်စီးကားတချို့ကို ဆိုင်ကယ်စီး လူတချို့က ကျောက်ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ည ၁၂ နာရီလောက်ကနေ မနက် ၃ နာရီလောက်အချိန်အတွင်း ဆိုင်ကယ် ၃ စီးနဲ့ အမည်မသိ လူ ၆ ဦးလောက်ဟာ မြို့တွင်းလှည့်လည်ပြီး အိမ် ၅-၆ အိမ်လောက်နဲ့ အဖိုးတန်ကား ၁၈ စီးလောက်ကို အုတ်နီခဲတွေ၊ ကွန်ကရစ်ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ကြတာလို့ မြိတ်မြို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ကိုတင်ကိုကိုဦးက ပြောပါတယ်။ “မော်တော်ကားတွေ၊ အိမ်တွေ အတော်များများ ခဲတွေနဲ့ အပေါက်ခံရတယ်။ အတမြို့လုံးကို စနစ်တကျနဲ့ ဘယ်အိမ်မှာ ဘယ်လိုကားမျိုးက ဘယ်လိုရှိတယ်ဆိုတာ သေသေချာချာ ကြည့်ပြီးလုပ်သလို ခဲတွေနဲ့ မှန်တွေကို ပေါက်သွားတယ်။ ပြီးတော့ အိမ်တွေရဲ့ နံရံတွေကို ခဲတွေနဲ့ ပေါက်သွားတယ်။” ခဲနဲ့ ပစ်ပေါက်ခံရတဲ့ အိမ်အများစုဟာ မြို့ခံသူဌေးအိမ်တွေဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ အိမ်ရှင်တချို့ရဲ့ ပြောပြချက်အရ ဟိုဘက်အိမ်လား ဒီဘက်အိမ်လား ဆိုပြီး အချင်းချင်း မေးနေသံတွေ ကြားရပြီးမှ ပစ်ပေါက်တာ ဖြစ်တဲ့အတွက် စနစ်တကျ ရွေးချယ်ထားပြီးမှ လုပ်သွားတာလို့လည်း ကိုတင်ကိုကိုဦးက ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြိတ်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျရဲအရာရှိက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။ “အခု အဲဒါ လိုက်ပြီးစုံစမ်းနေပါတယ်။ တာဝန်ရှိတဲ့သူတွေက စုံစမ်းစစ်ဆေးနေတုန်းပါ။ မြင်တယ်၊ တွေ့တယ်၊ သိတယ်ဆိုရင်တော့ ကျနော်တို့က ဒီတရားခံကို ဖမ်းပြီး အမှုဖွင့် အရေးယူဆောင်ရွက်ဖို့ရှိပါတယ်။ အခုက ညဘက်ဖြစ်တာဆိုတော့ ဘယ်သူမှ တပ်အပ်သေချာမသိကြဘူး၊ မမြင်ကြဘူး။ အဲလို အနေအထားတွေ ရှိပါတယ်။” မြိတ်မြို့ဒေသခံတွေကတော့ အခုဖြစ်သွားတဲ့ ခဲပေါက်တိုက်ခိုက်မှုကြောင့် အထိတ်တလန့်ဖြစ်နေပြီး တရားခံတွေ အမြန်ဖော်ထုတ်ပေးနိုင်ရေး လိုလားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up