ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် လူငယ်များကြား ရေပန်းစားနေသည့် ထနားထွဏ်း ကျင့်ရုန့်ရိုင်းကစ်

မကြာခင်ရက်ပိုင်းအတွင်း ထိုင်းတနိုင်ငံလုံး မျှော်လင့်စောင့်စားနေကြတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ အထူးသဖြင့် သူတို့ဘဝမှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးကြရမယ့် သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကြား မွေးဖွားတဲ့ ထိုင်းလူငယ်တွေက ပိုမိုစိတ်လှုပ်ရှားနေကြပြီး သူတို့မဲထည့်ပေးမယ့် နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း လေ့လာနေကြပါတယ်။ လာမယ့် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရေးပါတီပေါင်း ၄၄ ပါတီထဲက ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံမယ့် ပုဂ္ဂိုလ်ပေါင်း ၆၈ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။ အဲဒီထဲမှာ Palang Pracharat ပါတီမှ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၊ ၂၀၁၀ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ဒီမိုကရက်ပါတီမှ အဘီဆစ်ဝေ့ချာချီဝ၊ Pheu Thai (ရှပ်နီ) ပါတီမှ ခွန်ယိင်းဆူဒါရတ် ကျေယုလာဖန်းနဲ့ Future Forward ပါတီမှ ထနားထွဏ်း ကျင့်ရုန့်ရိုင်းကစ်တို့ရဲ့ အမည်တွေက ထိပ်တန်းရောက်နေပါတယ်။ မျိုးဆက်သစ်လူငယ်တွေကြားမှာတော့ အနာဂတ်သစ်လို့ အဓိပ္ပါယ်ရတဲ့ Future Forward  ပါတီခေါင်းဆောင် အသက် ၄၁ နှစ်အရွယ် သန်းကြွယ်သူဌေး ထနားထွဏ်း ကျင့်ရုန့်ရိုင်းကစ်ကို စိတ်ဝင်တစား အားပေးနေကြပါတယ်။ Future Forward ပါတီရဲ့ မူဝါဒမှာ ဒီမိုကရေစီဖြစ်ပြီး စစ်အာဏာရှင်စနစ်၊ အာဏာသိမ်းမှုတွေကို ဆန့်ကျင်ကာ တိုင်းပြည်ရဲ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိရေး၊ ဖက်စပ်လုပ်ငန်းတွေမှာ စစ်တပ်ရဲ့ပါဝင်မှုတွေ လျှော့ချရေး၊ စစ်တပ်သည် ပြည်သူ့လက်အောက်မှာသာ ရှိရမှာဖြစ်ပြီး နိုင်ငံရေးမှာ ဝင်မစွက်ရေး၊ နိုင်ငံသား (အမျိုးသား) တိုင်း စစ်တပ်ထဲ မဝင်မနေရစနစ်ကို ဖြုတ်ပြီး မိမိသဘောဆန္ဒအလျောက်သာ စစ်မှုထမ်းရေး၊ ဒါပေမယ့် စစ်မှုထမ်းတွေကို မြင့်မားသော လစာပေးရေး၊ ထိုင်းစစ်တပ်ဖွဲ့စည်းပုံမှာ စစ်ဗိုလ်ချုပ်အရေအတွက် ၁၆၀၀ ရှိရာက ၄၀၀ အထိလျှော့ချရေး၊ အလုပ်အကိုင်ရာထူးဌာန ခန့်ထားရာမှာ အသိုင်းအဝိုင်း၊ နီးစပ်မှု၊ ဆွေစဉ်မျိုးဆက်အပေါ် မူတည်ခန့်ထားတာ မဟုတ်ဘဲ မိမိကိုယ်ပိုင် အရည်အချင်းပေါ် မူတည် ရွေးချယ်ခန့်ထားရေး၊ အစမ်းခန့်ကာလထားရှိရေး၊ စစ်တပ်သုတေသနပြု ရန်ပုံငွေလျှော့ချရေး၊ တင့်ကား၊ ဂျက်လေယာဉ် အစရှိတဲ့ တိုက်ခိုက်ရေးပစ္စည်း ဝယ်ယူမှုမှာ ပွင့်လင်းမြင်သာရှိရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။ ထနားထွဏ်းက သူ့ပါတီသာ အနိုင်ရခဲ့ရင် အရင်က ကြုံဖူးခဲ့တဲ့ တပါတီတက်ရင် နောက်တပါတီက ဆန့်ကျင်ပြီး ဆွဲချတာ၊ အာဏာသိမ်းတာတွေ လုံးဝရှိတော့မှာ မဟုတ်ကြောင်း၊ အာဏာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာတာမျိုး လက်မခံကြောင်း၊ လက်ရှိ အရည်အချင်းရှိ လူငယ်တွေ ပြည့်နေတဲ့ ထိုင်းပြည်သူတွေရဲ့ စွမ်းအားနဲ့ ပိုမိုကောင်းမွန်လှပ ခေတ်မီတိုးတက်သော အနာဂတ် ထိုင်းနိုင်ငံသစ်ကို ထူထောင်မယ်လို့ ပြောဆိုပြီး မဲဆွယ်စည်းရုံးနေပါတယ်။ ဒါ့အပြင် ပါတီအနိုင်ရပြီး ၃ လအတွင်း ဘာတွေအရင်လုပ်မလဲလို့ သတင်းထောက်က မေးရာမှာ ထနားထွဏ်းက အရင်ဆုံးလုပ်ရမယ့် အရာရယ်လို့ မဟုတ်ဘဲ လုပ်စရာရှိတာတွေ တပြိုင်တည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ လက်ရှိ ဘန်ကောက်ယာဉ်ကြောပိတ်မှု ပြဿနာ ဖြေရှင်းတဲ့အနေနဲ့ မိုးပျံရထားကို နိုင်ငံခြားအကူအညီမပါဘဲ ထိုင်းနိုင်ငံနည်းပညာနဲ့ ကိုယ့်အားကိုယ်ကိုး တည်ဆောက်မှာဖြစ်ပြီး စက်ခလုတ်မှ အလိုအလျောက် လက်မှတ်ကြိုတင်ဝယ်တဲ့စနစ် ထည့်သွင်းမှာဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရမှာဖြစ်ပြီး ထုတ်ကုန်အရည်အသွေးနဲ့ လုပ်သားတွေရဲ့ အရည်အချင်း မြှင့်တင်ကာ လုပ်အားခလည်း တိုးမြှင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ပါတီဟာ မနှစ် နိုဝင်ဘာလကမှ ထူထောင်တဲ့ ပါတီသစ်ဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံ မရှိတာကြောင့် ဝေဖန်တိုက်ခိုက်တာ၊ စမ်းသပ်တာ၊ အကောက်ကြံခံရတာတွေ အမျိုးမျိုး ခံနေရတဲ့အပေါ် ဒါတွေဟာ သူ့ပါတီကို ကြောက်လို့ လုပ်နေတာဖြစ်တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ နိုင်ငံရေးစင်မြင့်ပေါ်ကနေ မတော်တဆ ထိခိုက်မှု ဖြစ်သွားခဲ့ရင် ထောင်ထဲဝင်မလား၊ ပြည်ပကို ပြေးမလားလို့ သတင်းထောက်က မေးရာမှာ သူဟာ တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးအတွက် ကြိုးစားရင်း ဖြစ်သွားတာမို့ ထောင်ပဲအကျခံမယ့်အကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ကာလက ဆန္ဒပြမှုတွေ၊ ရှပ်ဝါနဲ့ ရှပ်နီကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေ၊ စစ်အာဏာသိမ်းမှုတွေ မြင်ခဲ့၊ ကြုံခဲ့တဲ့ ထိုင်းလူငယ်တွေဟာ ထိုင်းနိုင်ငံရေး နောက်ပြန်မဆွဲတော့ဘူးဆိုတဲ့ ထနားထွဏ်းရဲ့ ရဲဝံ့ပြတ်သားတဲ့ ပြောဆိုချက်တွေကို သဘောကျနေကြတာပါ။ Future Forward ပါတီခေါင်းဆောင် ထနားထွဏ်း ကျင့်ရုန့်ရိုင်းကစ်ဟာ ၁၉၇၈ က ဘန်ကောက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့မိဘတွေက မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်တဲ့ Thai Summit Factory ပိုင်ရှင်ဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးတဲ့နောက် သူက ကုမ္ပဏီကို ဆက်လက်ဦးဆောင်ရာမှာ နဂိုဝင်ငွေ ဘတ်သန်းပေါင်း ၁၆၀၀၀ ရရှိရာက ဘတ်သန်းပေါင်း ၈၀၀၀၀၊ ဝန်ထမ်းပေါင်း တသောင်းကျော်ရှိလာတဲ့ထိ မိဘလုပ်ငန်းကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူဟာ ဘန်ကောက် ထမသတ်တက္ကသိုလ်မှ နိုင်ငံတကာ ဗိသုကာပညာသိပ္ပံဘွဲ့၊ ချူလာလောင်ကွန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့၊ အမေရိကန် နယူးယောက်တက္ကသိုလ်မှ ငွေစာရင်းကိုင်ဘွဲ့၊ ဆွစ်ဇာလန်နိုင်ငံမှ နိုင်ငံတကာ စီးပွားရေးဥပဒေပညာ မဟာဘွဲ့တွေ ရရှိခဲ့ပါတယ်။ သူဟာ မူလတန်းကျောင်းသား ဘဝကတည်းကစ ကျောင်းအားလပ်ရက်မှာ အပိုဝင်ငွေ ရှာတတ်အောင် မိဘတွေက လေ့ကျင့်ထားတဲ့အတွက် နေ့စားအလုပ်သမားလည်း လုပ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းသားခေါင်းဆောင်၊ ဘွဲ့ရပြီး အန်ဂျီအိုအလုပ်ဝင်လုပ်တော့ ကျောက်မီးသွေးတွင်း အလုပ်သမားတွေနဲ့အတူ အလုပ်သမား အခွင့်အရေးတိုက်ပွဲ ဝင်ခဲ့ပါတယ်။ ထနားထွဏ်းမှာ ဇနီးသည်နဲ့ သားသမီး ၄ ဦးရှိပြီး မိဘလက်ငုတ်လက်ရင်း လုပ်ငန်းအပြင် တခြား နိုင်ငံခြား ဖက်စပ်ကုမ္ပဏီလုပ်ငန်းတွေနဲ့ ကြွယ်ဝချမ်းသာမှုမှာ ဘတ်သန်းပေါင်း သောင်းနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက်ချမ်းသာပေမယ့် သူဟာ အင်္ကျီအဖြူရောင်သာ ထည်လဲဝတ်ဆင်ပြီး အစားအသောက်မှာ အလွယ်တကူ ဖြစ်သလိုစားတတ်ကြောင်း၊ နိုင်ငံရေးလောကထဲ ဝင်လာတော့ စီးပွားရေးကင်းရှင်းတဲ့ အနေနဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဘတ်သန်းပေါင်း ၅ ထောင်ကို ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကပဲ Blind Trust သို့ လွှဲပြောင်းပေးကြောင်း အမ်အိုယူသဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပါတယ်။ သူဟာ စီးပွားရေးသမားဆိုပေမယ့် စီးပွားရေးကြောင့် နိုင်ငံရေးလောကထဲ ဝင်လာတာ မဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပိုကောင်းတဲ့နိုင်ငံ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဝင်လာတာလို့ သတင်းထောက်တွေကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up