Home
မြန်မာသတင်း
အဖြူရောင်နယ်မြေရခိုင်ပြည်နယ် ငြိမ်းချမ်းလုံခြုံရေးအတွက် ဆောင်ရွက်နေဟု ငြိမ်းချမ်းရေး ကော်မရှင်ပြော
နေဖြိုးဝင်း
·
March 21, 2019
အဖြူရောင်နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေချဖို့ ကြိုးစားရာက ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အတွက် အစိုးရက ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။ မတ်လ  ၂၁ ရက် ဒီနေ့မနက်က  နေပြည်တော်မှာကျင်းပတဲ့  အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နဲ့ အန်စီအေလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့ ဆွေးနွေးပွဲမှာ ပြောသွားတာပါ။ ဒေါက်တာ တင်မျိုးဝင်းက “ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မည်သည့်အဖွဲ့ကို လက်ခံသည်၊ လက်မခံသည်ဆိုတဲ့သဘောကြောင့် ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်ပါတယ်။ အဖြူရောင်နယ်မြေကို လက်နက်ကိုင်အဖွဲ့ အစည်းတွေ အခြေချဖို့ ကြိုးစားခဲ့ရာက ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။” လို့ပြောပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို သင်ခန်းစာယူပြီး ရခိုင်ပြည်နယ်က ပြည်သူတွေအနေနဲ့ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ အန်စီအေလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေး တံခါးကို အမြဲတမ်း ဖွင့်ထားတယ်လို့လည်း ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။ “အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ အန်စီအေမှာပါဝင်လက်မှတ်ရေးထိုးဖို့အတွက် စိုးရိမ်စိတ်တွေ၊ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောပေးဖို့မေတ္တာရပ်ခံပါတယ်။ အခုပြောနေတဲ့ စားပွဲဝိုင်းမှာ မျက်နှာစုံညီပြောနေ တဲ့အနေအထားကို အရင်ကာလတွေတုန်းကဆိုရင် စိတ်ကူးထဲတောင် မထည့်နိုင်ခဲ့ကြရပါဘူး။ အဲဒီအနေအထား ကနေ အခုလက်ရှိအနေအထားဟာ တန်းတူရည်တူ အပြန်အလှန် ဆွေးနွေးနေနိုင်ကြပြီ” ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့  အေအေ (ရက္ခိုင့်တပ်မတော်)တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ၄လလောက်ရှိနေပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့  ဒုက္ခသည်တွေလည်း ၁၀၀၀၀ ကျော် ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024