Home
Lead Story
တန်းတူညီမျှ ဆွေးနွေးပြီး ရခိုင်စစ်မီးငြိမ်းပါစေ (အယ်ဒီတာအာဘော်)
DVB
·
March 21, 2019
အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေတွင် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြသည်။ တပ်မတော်က စစ်တိုင်းကြီး ၅ ခုတွင် တဖက်သတ် အပစ်ရပ်ကြေညာခဲ့ပြီး ၃ လတိတိ ကြာမြင့်ချိန် ယနေ့ မတ်လ ၂၁ ရက်က တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၌ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုက ကိုယ်စားလှယ်တွေ ပါဝင်သည်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် အေအေတပ်ဖွဲ့လည်း ယခုဆွေးနွေးပွဲတွင် ပါဝင်နေပြီး တိုက်ပွဲများရပ်တန့်ရန် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နိုင်သည်။ နေပြည်တော်က မတ် ၂၁ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေဖြစ်၍ ပြည်နယ်ထဲ စစ်ပွဲများ ဖန်တီးလာခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းရခြင်းဖြစ်သဖြင့် နားလည်ပေးကြရန် ပြောခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၏ သင်ခန်းစာအရ လက်နက်ကိုင်ပြီး အခွင့်အရေးများ တောင်းဆိုနေမည့်အစား နိုင်ငံရေးစားပွဲဝိုင်းသို့ လာရောက်ကြရန်လည်း အလေးအနက် ဖိတ်ခေါ်လိုက်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၁ ရက်တွင်  တပ်မတော်က စစ်တိုင်း ၅ တိုင်း၌ တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးတွင် အေအေ  (ရက္ခိုင့်တပ်မတော်) က ရဲစခန်းများကို တိုက်ခိုက်ရာက ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုပြန့်ပွားလာသလို ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးဒေသပါ စစ်တလင်းသဖွယ် ဖြစ်လာနေသည်။ မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲများဖြစ်ပွားရခြင်း၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းတို့သည် နိုင်ငံရေးပြဿနာအဖြစ် အစိုးရကရော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကပါ ခံယူထားကြသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကသာ ငြိမ်းချမ်းရေးကို ဆောင်ယူနိုင်မည် ဖြစ်သည်။ မကြာသေးမီကပင် အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နှင့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး လာမည့် ၃ လအတွင်း ကေအန်ပီပီတပ်ဖွဲ့ အန်စီအေ လက်မှတ်ထိုးနိုင်ရေး သဘောတူညီချက် ထွက်ပေါ်ခဲ့သည်။ အလားတူ သဘောတူညီချက်မျိုး ယခုပြုလုပ်နေသည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့တို့အကြား ထွက်ပေါ်လာရန် ပြည်သူလူထုက မျှော်လင့်နေမည်မှာ သေချာသည်။ မတ်လ ၂၁ ရက် နေပြည်တော်ဆွေးနွေးပွဲ၌ အဖွဲ့အစည်းအားလုံး တန်းတူညီမျှ ဆွေးနွေးနိုင်ကြပြီး ရလဒ်ကောင်းများ ထွက်ပေါ်ကာ ရခိုင်စစ်မီး ငြိမ်းစေကြောင်း ဒီဗွီဘီက ဆန္ဒပြုလိုက်ရပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024