စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရမည့်အချိန်ဖြစ်ဟု ဂျာမနီနည်းပြ ပြော

1K
လက်ရွေးစင်အသင်းမှာ လူငယ်တွေအများစုကို ရွေးချယ်ထားတာကြောင့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့်အချိန် ဖြစ်တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးဟာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ ဘိုတန်၊ ဟမ်းမဲလ် စတဲ့ ကစားသမားတွေကို အသင်းကနေ အနားပေးလိုက်ပြီး လူငယ်လက်ရွေးစင် ကစားသမားတွေကို ရွေးချယ်ပြီး သွေးသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီအသင်းမှာ အသက် ၂၃ နှစ်အောက် ကစားသမား ၈ ဦးအထိ ပါဝင်နေပြီး ပွဲ ၃၀ အထက် ပါဝင်ကစားဖူးသူတွေအဖြစ် ဂိုးသမား နူအာ၊ တိုနီခရူးစ်၊ မာကိုရူးစ်တို့သာရှိပြီး လက်ရွေးစင်အဖြစ် တပွဲမှ မကစားဘူးတဲ့ ကစားသမားသစ်သုံးဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။
နည်းပြ ဂျိုအာချင်လိုးကတော့ သူ့ရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှု အပြည့်အဝထားပြီး ပြုစုပျိုးထောင်သွားမှာဖြစ်လို့ အမှားတွေရှိလာခဲ့ရင်လည်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားရမလဲဆိုတာ သင်ပြသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျာမနီအသင်းဟာ မတ်လ ၂၄ ရက်မှာ ၂၀၂၀ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဟော်လန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင် ကစားသွားရမှာဖြစ်ပါတယ်။