အီတလီတွင် ကျောင်းကားမောင်းသူတဦးက ကျောင်းကားကို မီးရှို့ဖျက်ဆီး

ဓာတ်ပုံ - Getty Images
ရွှေ့ပြောင်းသွားလာသူတွေအပေါ် ဆက်ဆံပုံကို ကန့်ကွက်တဲ့အနေနဲ့ မတ်လ ၂၀ ရက်က  အီတလီနိုင်ငံ မီလန်မြို့မှာ ကျောင်းကားမောင်းသူတဦးက ကျောင်းကားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်းဟာ မီးမရှို့ခင် ဆယ်ကျော်သက် ကျောင်းသားတွေကို ကျောင်းကားပေါ်ကနေ ဆင်းခိုင်းခဲ့ပါတယ်။ ကားမီးရှို့ရာနေရာကို မီးသတ်သမားတွေ အလုံးအရင်းရောက်လာပြီး မီးကို ငြှိမ်းသတ်ခဲ့ပါတယ်။ ဆီနီဂေါလူမျိုးလို့ ယုံကြည်ရတဲ့ ယာဉ်မောင်းကိုလည်း မီးရှို့ရာနေရာအနီးမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် မီးရှို့ရာ နေရာဝန်းကျင်ကို လက်နက်ကိုင် ရဲတပ်ဖွဲ့က ကင်းလှည့်ခဲ့ပါတယ်။  ကျောင်းကားမီးရှို့လို့ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် အဆိပ်ငွေ့ရှူမိတဲ့ ဆယ်ကျော်သက် ကျောင်းသား ၁၂ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီနေ့အစောပိုင်းက အီတလီပါလီမန်ဟာ ဒုတိယဝန်ကြီးချုပ် ဆယ်ဗီနီအပေါ် အစိုးရရှေ့နေတွေ စုံစမ်းရေးပြုလုပ်တာကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဆယ်ဗီနီကို အာဏာအလွဲသုံးစားမှု၊ ရွှေ့ပြောင်းလာသူတွေကို ပြန်ပေးဆွဲမှုနဲ့ အစိုးရရှေ့နေတွေက စုံစမ်းနေတာပါ။ လက်ယာပါတီခေါင်းဆောင် ဆယ်ဗီနီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ပြီးနောက်ပိုင်း တရားမဝင် ရွှေ့ပြောင်းလာသူတွေ မဝင်ရောက်အောင် “ဆိပ်ကမ်းပိတ်သိမ်းတာတွေ” လုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up