နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၀ သန်းကျော်သွားသည့် Toy Story 4 ရုပ်ရှင် (နမူနာ)

နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ ဝေါ့ဒစ္စနေးကနေ ထပ်မံထွက်ရှိလာတဲ့ Toy Story 4 ရုပ်ရှင် Trailer ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော် ရှိနေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အရုပ်ကလေးတွေနဲ့ သရီးဒီကွန်ပျူတာ အန်နီမေးရှင်း ရုပ်ရှင်ကားတကား အနေနဲ့ ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Josh Cooley က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Toy Story ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေအဖြစ် ထုတ်လုပ်လိုက်တဲ့ Toy Story 2 (၁၉၉၉)၊ Toy Story 3 (၂၀၁၀) ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ Toy Story 3 ရုပ်ရှင်ကနေ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်တွေ ဖြစ်ကြတဲ့ ပိုင်ရှင်သစ်နဲ့ ပျော်ရွှင်စွာ နေနေပြီဖြစ်တဲ့ Woody၊ Buzz တို့နဲ့အတူ သူတို့သူငယ်ချင်း အရုပ်လေးတွေရဲ့ ဘဝအသစ်အကြောင်းကို ရှုစားကြရမှာပါ။ သူတို့ရဲ့ပိုင်ရှင်သစ် Bonnie ဟာ ပလတ်စတစ် ခက်ရင်းကို အရုပ်အဖြစ်ကစားပြီး Forky လို့ နာမည်ပေးထားတယ်။ သူတို့နဲ့ သူငယ်ချင်းအသစ် Forky တို့ဟာ ခရီးသွားတဲ့ လမ်းတလျှောက် ကြုံတွေ့ကြရတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားပါတယ်။ ဒီကားထဲမှာ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tom Hanks၊ Tim Allen၊ Keanu Reeves တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန် ကာလတွေကတည်းက ကလေးတွေရဲ့ စိတ်ကြိုက်ဇာတ်ကောင်တွေနဲ့ Toy Story 4 ရုပ်ရှင်ကားဟာ ဒီတခါမှာလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦးမလား ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၁ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up